အမေရိကန်နိုင်ငံသား သတင်းထောက်နှစ်ဦး လွှတ်ပေးဖို့ ကန်ဒုနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman။ (မေ ၃၁၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ၂ ဦးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အာဆီယံနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ တိုက်ခိုက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေသတွင်း ကိစ္စရပ်တွေမှာ အာဆီယံရဲ့ ဦးဆောင်မှု အပါအဝင် တခြားကိစ္စရပ်တွေကို အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ဒုတိယဝန်ကြီး Wendy Sherman က ဘန်ကောက်မြို့ကို ရောက်နေစဉ် တယ်လီဖုန်းကတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အဲဒီလို ပြောကြားလိုက်တာပါ။ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို တယ်လီဖုန်းကတဆင့် တက်ရောက် သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အရှေ့တောင်အာရှဒေသမှာ အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း ပြသတဲ့အနေနဲ့ရော ဒေသတွင်းကိစ္စရပ်တွေကို အာဆီယံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့တို့အတွက်ပါ ဒေသတွင်းနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ဒီကနေ့ ဘန်ကောက်မြို့က တဆင့် သတင်းထောက်တွေနဲ့ တယ်လီဖုန်းကနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သူ့ခရီးစဉ်ကိစ္စကို ရှင်းပြခဲ့တာပါ။

ဗွီအိုအေ မြန်မာဌာနအပါအဝင် နိုင်ငံတကာသတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဒုဝန်ကြီး Sherman က ပြန်လည် ဖြေကြားခဲ့တာမှာ လတ်တလော နိုင်ငံတကာမှာ ထိပ်တန်းရောက်နေတဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စနဲ့ အဲဒီရဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေ၊ မြန်မာပြည်သူ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် ကြုံတွေ့နေရတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေကို အလေးပေး ပြောကြားခဲ့ပါတယ်။

SEE ALSO: မြိတ်မြို့ သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

လက်ရှိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားသတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကမာရွတ်မီဒီယာက နေသန်မောင်နဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ Daniel Fenster တို့ကိစ္စကိုလည်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် ၂ ယောက်စလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သူတို့ ၂ ယောက်စလုံး ပြန်လည် လွတ်မြောက်ပြီး သူတို့မိသားစုတွေထံ ပြန်မရောက်အချင်း သူတို့လွတ်မြောက်ရေးအတွက် ကျမတို့ တောက်လျှောက် တောင်းဆိုသွားမှာပါ။ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ဒီ သတင်းထောက် ၂ ယောက်ပြန်လွှတ်ရေး သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး ဆောင်ရွက်ပေးကြဖို့ ကျမ တိုက်တွန်းခဲ့ပါတယ်။ တိုင်းပြည်တခု ကြွယ်ဝချမ်းသာရေးအတွက် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေ တည်ရှိဖို့ လိုအပ်ပါတယ်။ မြန်မာစစ်တပ်က သတင်းထောက်တွေကို ဖမ်းဆီးပြီး သတင်းမီဒီယာအပေါ် အကြမ်းလုပ်ဆောင်နေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ ကိုနေသန်မောင်ကို အွန်လိုင်းကတဆင့် စကားပြောခွင့်ရခဲ့ပေမယ့် သူ့အတွက် ဥပဒေအကျိုးဆောင် ငှားဖို့ကိစ္စကိုတော့ ဆောင်ရွက်ခွင့်မရသေးဘူးလို့လည်း ဒုဝန်ကြီး Sherman က ပြောပါတယ်။ Daniel Fenster နဲ့တော့ အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။

ဒုဝန်ကြီး Sherman ဟာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်ရှိစဉ် မြန်မာ့အရေးကိစ္စတွေကို အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ အဆုံးသတ်ရေးအတွက် အမြန်ဆုံးလုပ်ဆောင်ပေးကြဖို့ ကျမအနေနဲ့ တိုက်တွန်း ပြောဆိုခဲ့သလို စစ်တပ်အနေနဲ့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ချက်ခြင်း ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထဲ အာဏာပြန်အပ်ပြီး အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေး အင်ဒိုနီးရှားနိုင်ငံရဲ့ ဆောင်ရွက်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Ratno Marsudi နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သူ ဒီကနေ့ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ တွေ့ဆုံစဉ်မှာလည်း မြန်မာ့အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ဒုဝန်ကြီး Sherman က ပြောပါတယ်။

မြန်မာနိုင်ငံကို လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကိစ္စ ကုလသမဂ္ဂဆုံးဖြတ်ချက်မှာ ထည့်သွင်းမယ့်ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံဘက်က ကန့်ကွက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တဦးက မေးတာမှာ ဒီကိစ္စဟာ ဆွေးနွေး ဆောင်ရွက်နေဆဲကာလဖြစ်တာကြောင့် သူ့အနေနဲ့ ကြိုပြီး တစုံတရာ မပြောလိုကြောင်း၊ သံတမန်ရေးကိစ္စတွေဟာ အချိန်ယူ ဆောင်ရွက်ရလေ့ရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အချက် ၅ ချက်ပါ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ဒုဝန်ကြီး Wendy Sherman က ပြန်လည် ဖြေကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်နိုင်ငံသား သတင်းထောက်နှစ်ဦး လွှတ်ပေးဖို့ ကန်ဒုနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

[Unicode Version]







SEE ALSO: မီဒီယာလုပ်ငန်း ဘာတွေ ကြုံနေရသလဲ ဂျာနယ်လစ်တွေ ဘယ်လို ရပ်တည်နေကြသလဲ





