မြန်မာနိုင်ငံပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးအနေနဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှောင်ရှားဖို့နဲ့ လူသားစာနာမှုအကူအညီတွေ ပေးလို့ရအောင် လုပ်ပေးကြဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတချို့က တိုက်တွန်းထားပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးဆင်နွှဲဖို့ အင်္ဂါနေ့မှာ ကြေညာလိုက်ပြီးတဲ့နောက် အခုလို နိုင်ငံတကာဘက်က တုံ့ပြန်တာတွေ ထွက်လာတာပါ။
အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနပြောခွင့်ရ Teuku Faizasyah က "မြန်မာလူထု ဘေးကင်းရေးနဲ့ သာယာဝပြောရေးကို သက်ဆိုင်သူအားလုံးက ဦးစားပေးရပါမယ်" လို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။ မြေပြင်အခြေအနေ ဘေးကင်းလုံခြုံမှသာ လူသားစာနာမှုအကူအညီတွေကို ပေးနိုင်မှာဖြစ်တယ်လို့လည်း ပြောခွင့်ရ Faizasyah ကပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က "ဘုံသဘောတူညီချက် ငါးချက်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်မဖော်နိုင်တဲ့အပေါ် ကျနော်တို့ စိတ်ပျက်တယ်လို့ပဲ ပြောနိုင်ပါတော့တယ်" လို့ အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။ "အခုနောက်ဆုံး အခြေအနေအရဆိုရင်တော့ အားလုံး အစကနေပြန်စရတော့မှာပါပဲ" လို့လည်း ဝန်ကြီး Abdullah ကဆိုပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး၊ အဖွဲ့အားလုံးအနေနဲ့ တိုင်းပြည်နဲ့ လူထုရဲ့ ရေရှည်အကျိုးစီးပွားကို အလေးထားသင့်တယ်ဆိုတာ တိုက်တွန်းပြောဆိုနေပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbing က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးကလည်း မြန်မာနိုင်ငံအကျပ်အတည်းကို အကြမ်းဖက်နည်းလမ်းနဲ့ဖြေရှင်းဖို့ ကြိုးပမ်းတာ လက်မခံကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း၊ လူသားစာနာမှုအကူအညီတွေ ဘေးရန်ကင်းကင်းနဲ့ အတားအဆီးမရှိပေးနိုင်ဖို့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင် လိုအပ်ကြောင်း RFA သတင်းဌာနကို မနေ့က အီးမေးလ်နဲ့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Pete Vowles က "စစ်အာဏာသိမ်းတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျနော်တို့ အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်" လို့ ဖေ့စ်ဘုတ်မှာ ရေးခဲ့ပြီး "အားလုံး ဆွေးနွေး ပြောဆိုကြဖို့" တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်တဦးဖြစ်သူ Chris Sidoti က "အကြမ်းဖက်လုပ်ရပ်ဟာ မြန်မာလူထု ဘေးဒုက္ခရောက်ရတဲ့ အကြောင်းရင်းဖြစ်ပြီး အဖြေမဟုတ်ပါဘူး" လို့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ "NUG ရဲ့ ရပ်တည်ချက်အမြင်ကို ကျနော်တို့ ခံစား နားလည်ပါတယ်၊ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ရဲ့ ရလဒ်အနေနဲ့ ဖြစ်လာမှာတွေအတွက်တော့ စိုးရိမ်မိပါတယ်" လို့လည်း မစ္စတာ Sidoti ကပြောပါတယ်။
နိုင်ငံတကာ ပဋိပက္ခအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ ICG အဖွဲ့က မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်သူ Richard Horsey က "NUG ကြေညာချက်ကို မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ အခိုင်အမာ ထောက်ခံကြတာတွေ့ရပါတယ်" လို့ပြောပါတယ်။ ဒါပေမယ့်လည်း လက်နက်အင်အား တောင့်တင်းတဲ့စစ်တပ်ကို တဘက်အင်အားစုတွေက အရှိန်မြှင့်တိုက်ခိုက်နိုင်စွမ်း ရှိရဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မရှိတဲ့အကြောင်းနဲ့ NUG ရဲ့ စစ်ပွဲခေါ်သံအပေါ် နိုင်ငံတချို့အနေနဲ့ ထောက်ခံဖို့ ပိုပြီးခက်ခဲမှာ ဖြစ်တဲ့အတွက် တန်ပြန်အကျိုးသက်ရောက်တာမျိုး ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
......................................................................................
Your browser doesn’t support HTML5
(Unicode)