(Zawgyi/Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အကူးစက်ခံရသူ ၂ သန်းကျော်လာနေချိန်မှာပဲ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး အတွက် ထောက်ပံ့ငွေတွေ ရပ်ဆိုင်းထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ က ဝေဖန်နေကြပါတယ်။
ဒီရောဂါတိုက်ဖျက်ရေးအတွက် အဆိုးဆုံး အချိန်ကို ကမ္ဘာတလွှား ရင်ဆိုင် ကျော်ဖြတ်နေရချိန်မှာ သမ္မတ ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံအားလုံးကို သက်ရောက်မှု ရှိစေနိုင် ကြောင်းနဲ့ ဒါဟာ WHO ရဲ့ လုပ်ကိုင်နိုင်စွမ်းကို အားနည်းစေပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကမ္ဘာတလွှားကြီးမားတဲ့ ကျန်းမာရေး ပြဿနာကြီး ဖြစ်နေချိန်မှာ WHO ရဲ့ ရန်ပုံငွေကို ဖြတ်တောက်တာဟာ ရလဒ်ကောင်းထွက်မလာနိုင်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ဝေဖန်လိုက်ပြီး ဒီအချိန်ဟာ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ စည်းစည်းလုံးလုံး လက်တွဲ ဆောင်ရွက်ရမယ့် အချိန်ဖြစ်ကြောင်း ပြောပါတယ်။
ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးကလည်း အခုလို WHO ကို အပြစ်တင်နေလို့ ပြဿနာက ပြေလည်မသွားစေနိုင်ဘူးလို့ ပြောပါတယ်။
ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက ၂ သန်းကျော်သွားပါပြီ။ ဒါပေမယ့် ဒီရောဂါ ရှိမရှိ စမ်းသပ်မှုမလုပ်နိုင်တဲ့ ဒေသ အများအပြား ရှိနေတာကြောင့် အကူးစက်ခံရသူ အရေတွက် ပိုများလာဖို့ ရှိပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းအရ ကမ္ဘာတလွှား ဒီရောဂါကြောင့် သေဆုံးရသူက (၁၂၈,၈၀၀) တသိန်း ၃ သောင်းနီးပါး ရှိနေပါပြီ။
Your browser doesn’t support HTML5
................
(Unicode)