ရခိုင်နဲ့ ချင်းပြည်နယ်တွင်း ဥပဒေမဲ့ ကျူးလွန်မှုတွေကို စုံစမ်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက် တောင်းဆို

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။

(Zawgyi / Unicode)

မြန်မာတပ်မတော် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပြစ်မဲ့ အရပ်သားတွေအပေါ် ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီအနေနဲ့ အစည်းအဝေးဆင့်ခေါ်ဖို့ World Kachin Congress ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက်က တောင်းဆိုလိုက်ပါတယ်။

SEE ALSO: မင်းပြားပစ်ခတ်မှု အရပ်သား ၄ ဦး သေဆုံး

ဧပြီလ ၂၅ ရက်နေ့ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ကြေညာချက်မှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရင်ဆိုင်နေရတဲ့အချိန်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေး မလုပ်နိုင်ဘဲ စစ်ပွဲတွေ ဦးစားပေးတိုက်ခိုက်နေပြီး အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတဲ့ ဖြစ်ရပ်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ဟန့်တားနိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့ ဝင်ရောက်ကူညီဖို့ WKC ဥက္ကဋ္ဌ Gum San NSang က ဗွီအိုအေကို ပြောပါတယ်။

"မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ထိထိရောက်ရောက် ကိုင်တွယ်နိုင်တာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတခုပဲ ကျနော်တို့ မြင်နေရပါတယ်။ လူတွေ အများကြီး သေကျေပျက်စီးရတယ်။ ဒီလောက်ကြီး အပြစ်မဲ့ပြည်သူတွေ ဆုံးရှုံးရတာကို ကြည့်မနေဘဲနဲ့ တခုခုအဖြေရှာဖို့ အချိန်ရောက်နေပါပြီ။"

ဒါ့အပြင် ကုလသမဂ္ဂပိုင် မော်တော်ကားတစီး အပါအဝင် အပြစ်မဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ပြင်းပြင်းထန်ထန် ကန်ကွက်ရှုတ်ချကြောင်း WKC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်၊ ချင်းပြည်နယ်က ရွာသူရွာသားတွေရဲ့ အခြေအနေကို အလွန်စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ဥက္ကဋ္ဌ Gum San NSang က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် ယာဉ်တစီး တိုက်ခိုက်ခံရပြီး ယာဉ်မောင်းတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို နိုင်ငံတကာကလည်း ဝိုင်းဝန်းရှုတ်ချခဲ့ပြီး ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် တောင်းဆိုထားပါတယ်။

အရင် နှစ်ပေါင်း ၆၀ ကျော်ကတည်းက ကချင်၊ ကရင်၊ ရှမ်းပြည်နယ်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းတိုက်ခိုက်ခဲ့တဲ့ နည်းလမ်းအတိုင်း အခု ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း Gum San NSang က ဆိုပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် ရှမ်းနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက ကိုဗစ်ရောဂါ ကပ်ဘေးကာလ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ဧပြီလ ၁ ရက်နေ့က အဆိုပြုခဲ့ပေမယ့် မြန်မာတပ်မတော်ဘက်က ပယ်ချခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ရှိပါတယ်။

Your browser doesn’t support HTML5

ရခိုင်နဲ့ ချင်းပြည်နယ်တွင်း ဥပဒေမဲ့ ကျူးလွန်မှုတွေကို စုံစမ်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက် တောင်းဆို

---------------------------

(Unicode)





SEE ALSO: WHO ဝန်ထမ်း ရခိုင်မှာ ပစ်သတ်ခံရမှု စုံစမ်းဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို



