သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကလေးသူငယ်သေဆုံးမှုများလာတဲ့အတွက် အပစ်ရပ်ကြဖို့ ကုလ တောင်းဆို


ကချင်ဒုက္ခသည် ကလေးငယ်များ (မေလ ၂၀၁၂)
ကချင်ဒုက္ခသည် ကလေးငယ်များ (မေလ ၂၀၁၂)

(Zawgyi/Unicode)

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလတွေအတွင်း ကလေးသူငယ်တွေ ထိခိုက် သေဆုံးမှု ကြောက်ခမန်းလိလိများပြားလာနေတဲ့အတွက် အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် Virginia Gamba က တောင်းဆိုလိုက်ပါတယ်။ ကလေးငယ်တွေကို အကာကွယ်ပေးနိုင်မယ့်အစီအစဉ်တွေကို အရေးတကြီး ဆောင်ရွက်ဖို့လဲ လိုအပ်ကြောင်းလည်း တောင်းဆိုလိုက်ပါတယ်။

အချက်အလက်တွေကို ကောက်ယူနေဆဲဖြစ်ပေမယ့်လည်း အခုချိန်ထိ သေဆုံး၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားကြတဲ့ ကလေးငယ်တွေရဲ့ အရေအတွက်ဟာ မနှစ် ၂၀၁၉ ခုနှစ်ကဖြစ်ခဲ့တဲ့ အရေအတွက်ထက် ထက်ဝက်ကျော်နေပြီလို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်က အရေအတွက်ထက် သိသိသာသာ တိုးလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ် တွေမှာ လေကြောင်းတိုက်ခိုက်မှု၊ မြေမြုပ်မိုင်းနဲ့ တခြား ပေါက်ကွဲရေးပစ္စည်းတွေကြောင့် သေဆုံး၊ ကိုယ်လက်အင်္ဂါချို့တဲ့ကုန်ကြတဲ့ ကလေးသူငယ်အရေအတွက်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း သိသိသာသာ များပြားလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝှမ်း COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေအားလုံး ရပ်တန့်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်နဲ့အညီ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း တိုက်ပွဲတွေ ရပ်တန့်ကြဖို့ တောင်းဆိုလိုကြောင်း၊ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲဖို့ ပြောဆိုထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း အထူးကိုယ်စားလှယ် Virginia Gamba က ဧပြီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေပါ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကလေးသူငယ်များ ဆိုင်ရာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်သူတွေအနေနဲ့ အပြစ်ပေး အရေးယူခံရနိုင်ကြောင်း၊ ဒါကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက် သေဆုံးမှု နည်းနိုင်သမျှနည်းအောင် လိုက်နာ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






XS
SM
MD
LG