ကမ္ဘာ့စီးပွားရေးအခြေအနေ ထင်သလောက်ဆိုးဖွယ်မရှိ

စက်တင်ဘာ ၁၇ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ငွေကြေးလဲလှယ်ရေးဌာနတခုကို တွေ့ရစဉ်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး ဆိုးဆိုးရွားရွားကြီး ကျဆင်းမယ်လို့ ခန့်မှန်းထားတာကို ပြန်လည် ပြင်ဆင် ထုတ်ပြန်ဖို့ ရှိတယ်လို့ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF အကြီးတန်း အရာရှိတဦးကပြောပါတယ်။ ဇွန်လကတည်းက ကမ္ဘာ့ စီးပွားရေးအခြေအနေက ခန့်မှန်းထားတာထက် ပိုပြီး အားကောင်းလာတာကြောင့် အခုလို ပြင်ဆင် ထုတ်ပြန်မှာဖြစ်ကြောင်း IMF အကြီးအကဲ Kristalina Georgieva က အင်္ဂါနေ့က ပြောလိုက်တာ ဖြစ်ပါတယ်။

ဇွန်လတုန်းက ၂၀၂၀ ပြည့်နှစ်ထဲ ကမ္ဘာ့စီးပွားရေး ဆိုးဆိုးရွားရွားကြီး ကျဆင်းမယ်လို့ IMF က ခန့်မှန်းခဲ့ကြောင်း၊ ဒီကနေ့ တွေ့ရတာက လုံးဝ ဥဿုံအဆိုးကြီး မဟုတ်ကြောင်း၊ ဒါကြောင့် ဒုတိယ သုံးလပတ်ကာလ ခန့်မှန်းချက်မှာ အရင်ခန့်မှန်းထားတာထက် ပိုပြီး မြှင့်တင် ခန့်မှန်းမှာ ဖြစ်ကြောင်း IMF အကြီးအကဲ Kristalina Georgieva က ဗွီဒီယို ကွန်ဖရင့်ကနေ ပြောသွားခဲ့တာပါ။

ဒီဘေးဒုက္ခကြီးကနေ လွန်မြောက်ဖို့တော့အလှမ်းအတော် ဝေးနေသေးတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ယူရိုဇုံအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံတွေက အမေရိကန် ဒေါ်လာ ၁၂ ထရီလီယံ မကြုံစဖူး သုံးစွဲပြီး ကိုရိုနာဗိုင်းရပ်ဆိုင်ရာ စီးပွားရေး အထောက်အပံ့ အကူအညီ ပေးခဲ့တာကြောင့် အဆိုးဆုံး အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပြီး ပြန်လည် နာလံထူဖို့ ဖြစ်လာ စေတယ်လိုလည်း Georgieva က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက IMF က ကမ္ဘာ့စီးပွားရေး ၄.၉ ရာခိုင်နှုန်း အနုတ်လက္ခဏာပြ ကျဆင်းမယ်လို့ ခန့်မှန်းထားတာပါ။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားကပ်ပျက်ဖြစ်ပွားပြီးနောက်ပိုင်း အဆိုးဆုံး ကျဆင်းမှု ဖြစ်ပါတယ်။

အခုတော့ အဲဒီ ခန့်မှန်းချက်ကို IMF က ပြန်လည်ပြင်ဆင်မှာ ဖြစ်ပါတယ်။ ပြန်လည် ပြင်ဆင်မယ့် ခန့်မှန်းချက် ကိန်းဂဏန်းတွေကို အတိအကျဖွင့်မပြောပေမဲ့ ဒီနှစ် ဒုတိယနဲ့ တတိယ လေးလပတ်အတွင်း တိုးတက်မှုတွေက မျှော်မှန်းထားတာထက် အခြေအနေပို ကောင်းတယ်လို့ Georgieva ကပြောပါတယ်။

IMF ကဒီ ခန့်မှန်းချက်ကို နောက်သီတင်းပတ် နှစ်ပတ်လည် အစည်းအဝေးမှာ ထုတ်ပြန်ကြေညာ သွားမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် IMFနှစ်ပတ်လည် အစည်းအဝေးကို ရုပ်သံကတဆင့် ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာ့စီးပွားရေးအခြေအနေ ထင်သလောက်ဆိုးဖွယ်မရှိ


................

ကမ်ဘာ့စီးပှားရေးအခွအေနေ ထငျသလောကျဆိုးဖှယျမရှိ

(Unicode)






