ငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်ကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒေါ်လာ (၈၂၂) သန်း မနှစ်က ဆုံးရှုံးခဲ့ကြရ တယ်လို့ စင်္ကာပူရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။ အဲဒီအထဲမှာ Cryptocurrency လို့ခေါ်တဲ့ ဒီဂျစ်တယ် ငွေကြေးနဲ့သက်ဆိုင်တဲ့လိမ်လည်မှုတွေကြောင့် လေးပုံတပုံလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းတာကြောင့် ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ နိုင်ငံခြားသား (၇,၀၀၀) လောက်အထိ ရှိနိုင်တဲ့အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai မနေ့က သတိပေးတာကို The Nation သတင်းစာမှာ ရေးပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်က တင်သွင်းခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက်လမ်း” လို့အမည်ပေးထားတဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီး မျှတမှု ရှိတယ်ဆိုပြီး ရုရှားကကြိုဆိုလိုက်ပါတယ်။ ဒီအဆိုပြုချက်ကို ဗြိတိန်နဲ့ဥရောပ မဟာမိတ်တွေကတော့ သိပ်သဘောမတူကြပါဘူး။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် သုံးနှစ်မြောက်နေ့ တနင်္လာနေ့က စစ်ပွဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချရာမှာ ဥရောပက ပြင်ဆင်လိုက်တဲ့ အမေရိကန် အဆိုပြုချက်ကို အမေရိကန်က မဲမပေးဘဲ နေခဲ့ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
ယူကရိန်းက ရုရှားစစ် အဆုံးသတ်ဖို့ နီးနေပြီလို့ မျှော်လင့်ကြောင်း တနင်္လာနေ့မှာ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။
ဂျာမနီရွေးကောက်ပွဲအနိုင်ရ အတိုက်အခံ Friedrich Merz က ညွန့်ပေါင်းအစိုးရ အမြန်ဆုံးဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ အုပ်ချုပ်ရေးပိုင်းအတွေ့အကြုံနည်းတဲ့ Merz အနေနဲ့ ဥရောပစီးပွါးရေးကျဆင်းမှု၊ ရွှေ့ပြောင်းနေထိုင်သူတွေ အရေးနဲ့ အမေရိကန်၊ ရုရှားနဲ့တရုတ်ကြား လုံခြုံရေးကိစ္စတွေဖြေရှင်းရဖို့ရှိပါတယ်။
မြန်မာနိုင်ငံနယ်စပ်အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ပြန်လွတ်လာကြတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနယ်စပ်မှာစုပုံနေတယ်လို့ နီးစပ်သူတွေကိုကိုးကားပြီး ရိုက်တာသတင်းဌာန က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အသက်ရှူလမ်းကြောင်း ပိုးဝင်ရာက ၁၀ ရက်ကြာ ဆေးကုသမှုခံယူနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္လာနေ့မှာ အနားယူနေတယ်လို့ ဗာတီကန်ကျောင်းတော်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အဆုပ်မှာ ပိုးဝင်ရာကနေ အခုအခါ ကျောက်ကပ်ရောဂါပါ ဆက်လက် ခံစားနေရတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်က မူကြမ်းရေးဆွဲထားသလို ယူကရိန်းကရေးဆွဲပြီး ဥရောပသမဂ္ဂက ထောက်ခံထားတဲ့မူကြမ်းတွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ရှိပါတယ်။
“ဒီနှစ်ဟာ ရေရှည်တည်တံ့တဲ့တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက်နှစ် ဖြစ်သင့်ပါတယ်။ ပူတင်က ငြိမ်းချမ်းရေးကို လက်ဆောင်အဖြစ်ပေးမှာမဟုတ်ပါဘူး။ တခုခုနဲ့ အလဲအလှယ်လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ကိုယ့်စွမ်းအား၊ အသိဉာဏ်၊ ညီညွတ်မှုတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့သာ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ” (Zelesky)
ပြီးခဲ့တဲ့ကြာသပတေးနေ့က ကျားဖြန့်လုပ်ငန်းတွေကကယ်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၂၀၀ ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်းနဲ့ တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ရဲ့ ထိုင်းနဲ့မြန်မာနိုင်ငံကို အကြိမ်ကြိမ်သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ၊ ပူးပေါင်း ဆောင်ရွက်နေကြောင်း South China Morning Post ကရေးပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ပိတ်ဆို့မှု ၈၅ ကြိမ် ရှိခဲ့ပြီး ကမ္ဘာမှာ အများဆုံးပိတ်ပင်ခံရတဲ့ နိုင်ငံဖြစ်တဲ့အကြောင်း ဒီဂျစ်တယ်လွတ်လပ်ခွင့်အခြေအနေနဲ့ ကန့်သတ်မှုတွေကို စစ်တမ်းကောက်ယူတဲ့ နယူးယောက်အခြေစိုက် Access Now အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်