G7 နိုင်ငံတွေ အနေနဲ့ ယူကရိန်းနိုင်ငံ တည်ရှိမှု၊ လွပ်လပ်ပြီး အချုပ်အချာ အာဏာပိုင်ဆိုင်မှုရှိဖို့၊ ကိုယ့်နယ်မြေပိုင်ကို ကိုယ်ကာကွယ်ဖို့တွေအတွက် ယူကရိန်းကို အပြောင်းအလဲမရှိ ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်းလည်း ထပ်မံ အတည်ပြုဖော်ပြထားပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား နှစ်ဘက်လိုက်နာဖို့ တူညီတဲ့ အချက်တွေပါတဲ့ အပစ်ရပ်သဘောတူညီချက် တခုချမှတ်ပြီး၊ ဒါကိုအပြည့်အဝ အကောင်ထည် ဖော်ဖို့ ရုရှားဘက်က သဘောတူတဲ့ အကြောင်း ပြန်ကြားဖို့ G7 အဖွဲ့ ကနေဒါမှာ ပြုလုပ်တဲ့ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ တောင်းဆိုထားပါတယ်။
တကယ်လို့ အပစ်ရပ်ရေးအတွက် ရုရှားဘက်က သဘောမတူခဲ့ရင် ရုရှားအပေါ် နောက်ထပ် အရေးယူ ဒဏ်ခတ်ရေးကိုပါ ဆွေးနွေး ခဲ့တာ ဖြစ်ပြီး ဒီအထဲမှာ ရေနံဈေးနှုန်း ကန့်သတ်တာ၊ နောက်ထပ်အရေးယူတာတွေနဲ့ တခြားအရေးယူမှုတွေ လုပ်ဖို့ပါဝင်ကြောင်း လည်း ဖော်ပြထားပါတယ်။
သမ္မတအိမ်ဖြူတော်ကတော့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အထူးကိုယ်စားလှယ် Steve Witkoff ဟာ ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin နဲ့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly ကတော့ G7 နိုင်ငံခြားရေးဝန်ကြီး အားလုံးက အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူကြသလို ဒါကို ယူကရိန်းကလည်း လက်ခံခဲ့တာ ဖြစ်တဲ့ အတွက် အခုဆို ရုရှားဘက်က တုံ့ပြန်မှုကိုကြည့်ဖို့ပဲ ရှိတော့တယ်လို့ သောကြာနေ့မှာ ပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy ကလည်း အလားတူပြောကြားခဲ့သလို အပစ်ရပ်သဘောတူညီချက် ကိုအထောက်အကူ ဖြစ်စေဖို့ ယူကရိန်းအတွက် လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေ၊ စောင့်ကြည့်တဲ့ ယန္တရားတွေ ပေးနိုင်အောင် လုပ်ဆောင်ဖို့နဲ့ အားလုံးက ဆန္ဒရှိကြောင်း လည်း ပြောပါတယ်။
ရုရှားအစိုးရဘက်က အမေရိကန်တင်ပြတဲ့ အပစ်ရပ်အဆိုပြုချက်ဟာ မပြည့်စုံသေးဘူးလို့ ပြောပြီး အပြည့်အဝ လက်ခံဖို့ ဝန်လေးနေချိန်မှာ G7 ပူးတွဲကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
Forum