တောင်ကိုရီးယားမှာ ချထားမယ့် အမေရိကန် THAAD ဒုံးခွင်းဒုံးစနစ်အတွက် ဒေါ်လာသန်းတထောင်ပေးဖို့ အမေရိကန် သမ္မတ Donald Trump ရဲ့ တောင်းဆိုချက်ကို တောင်ကိုရီးယား နိုင်ငံက ချက်ခြင်းလိုလို ပယ်ချလိုက်ပါတယ်။ တောင်ကိုရီးယား အစိုးရက မြေနဲ့ အဆောက်အအုံတွေ စိုက်ထုတ်ပြီး၊ အမေရိကန်က THAAD ဒုံးခွင်းဒုံးစနစ် ချထားပြီး၊ လည်ပတ်ဖို့နဲ့ မွမ်းမံထိန်းသိမ်းရာမှာ အကုန်အကျခံဖို့ ၂ နိုင်ငံကြား လက်ခံထားတဲ့ ရပ်တည်ချက်အတိုင်း အပြောင်းအလဲ မရှိတဲ့အကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ် တောင်ကိုရီးယားမှာ ချထားရေး အမေရိကန် သမ္မတဟောင်း Barack Obama နဲ့ တောင်ကိုရီးယား သမ္မတဟောင်း Park Geun-hye တို့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတဟောင်းကတော့ ဒုံးခွင်းဒုံးစနစ် ချထားရေးအတွက် လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ ကြိုးပမ်းရာမှာ၊ နောက်ထပ် အကုန်အကျခံစရာ မလိုဘူးဆိုပြီး ပြောဆိုထားတာပါ။
ဒါပေမဲ့လည်း ၀ါရှင်တန်မှာ မနေ့တုန်းက Reuters သတင်းဌာနနဲ့ မေးမြန်းခန်းအတွင်း ကုန်ကျစရိတ်ကို တောင်ကိုရီးယားက ပေးရမယ်လို့ သမ္မတ Trump က ပြောခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း တဦးကတော့ ကုန်ကျစရိတ်ဟာ ခန့်မှန်းချေ ဒေါ်လာ ၁.၂ ဘီလီယံလောက် ရှိမယ်လို့ ပြောဆိုခဲ့ပေမဲ့၊ အမေရိကန် အနေနနဲ့ ဒုံးခွင်းဒုံးစနစ်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့လည်း ပြောပါတယ်။
မြောက်ကိုရီးယား ပြဿနာကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ လိုလားကြောင်း အိမ်ဖြူတော်က တွေ့ဆုံမေးမြန်းခန်းအတွင်း သမ္မတ Trump က ပြောဆိုခဲ့ပေမဲ့၊ နောက်ဆုံးမှာ ကြီးမားတဲ့ ပဋိပက္ခမျိုးနဲ့ ရင်ဆိုင်ရမယ့် အလားအလာတွေလည်း ရှိနေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။