သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ပြည်တွင်းရေး စွက်ဖက်ဟု ကန်ကို အီရန်သံအမတ် ဝေဖန်


အီရန်အစိုးရထောက်ခံသူတွေရဲ့ဆန္ဒပြပွဲ။
အီရန်အစိုးရထောက်ခံသူတွေရဲ့ဆန္ဒပြပွဲ။

အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေ ကြုံခဲ့ရတဲ့ တချိန်တည်းမှာပဲ အီရန်လူထုကို အားပေးထောက်ခံဖို့ မနေ့တုန်းကပဲ အမေရိကန်က ပြောဆိုလိုက်တဲ့အပေါ် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ပြည်တွင်းရေးကို စွက်ဖက်တဲ့ ကိစ္စတခုအဖြစ် တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

စီးပွားရေးပြဿနာတွေအပေါ် မကျေနပ်ချက်တွေနဲ့ အစိုးရပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကတော့ အီရန်နိုင်ငံမှာ သီတင်းတပတ်နီးပါး ပေါ်ပေါက်ခဲ့တာပါ။ ဆန္ဒပြပွဲတွေအတွင်း လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ လူရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကိုတော့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ မနေ့တုန်းက ပြသခဲ့သလို၊ မြို့တော်တော်များများက အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေဟာလည်း အင်တာနက် လူမှုကွန်ယက်တွေမှာ ပြန့်နှံ့ခဲ့တာပါ။

အီရန်တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူးဖြစ်သူ Mohammad Ali Jafari ကတော့ နိုင်ငံအနှံ့ အစိုးရဆန့်ကျင်ဆန္ဒပြသူ အရေအတွက်ဟာ တသောင်းခွဲ မပြည့်ဘူးလို့ ပြောဆိုခဲ့သလို၊ Isfahan, Larestan နဲ့ Hamadan မြို့တွေမှာ တပ်ဖွဲ့ဝင်တချို့ကို လုံခြုံရေးချထားခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့ အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေကို အားပေးထောက်ခံကြောင်း Twitter အင်တာနက်လူမှုကွန်ယက်ကနေ မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။ ဖောက်ပြန်တဲ့ အီရန်အစိုးရကို ဆန့်ကျင်အုံကြွတဲ့ လေးစားလောက်စရာ အီရန်လူထုကို သင့်တော်တဲ့အချိန်တချိန်မှာ အမေရိကန်က အကြီးအကျယ် အားပေးထောက်ခံတာကို တွေ့မြင်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့လည်း၊ ဘယ်လို အထောက်အပံ့ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

နိုင်ငံဥသျှောင် Ayatollah Ali Khamenei အပါအဝင် အီရန်ခေါင်းဆောင်တွေကတော့ ဆန္ဒပြပွဲတွေဟာ ပြည်ပအစိုးရတွေရဲ့ သွေးထိုးမှုတွေကြောင့်လို့ အပြစ်ဖို့ထားတာပါ။ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး Gholamali Khoshroo ကတော့ အမေရိကန် သမ္မတ Trump နဲ့ ဒုသမ္မတ Mike Pence တို့ရဲ့ မှတ်ချက်တွေဟာ အီရန်နိုင်ငံမှာ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ရာရောက်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အတွင်းရေးမှူးချုပ်ထံ စာတစောင်ရေးသား ပေးပို့တိုင်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG