သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသစစ်ပွဲ အရပ်သားတွေကို ခေါ်ယူအသုံးပြု


ရခိုင်ပြည်နယ် တိုင်းပွဲအတွင်းမှ စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway
ရခိုင်ပြည်နယ် တိုင်းပွဲအတွင်းမှ စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway

ရခိုင်နဲ့ချင်းပြည်နယ်တွေဘက်မှာ တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါ တယ်။ တိုက်ပွဲဖြစ်တဲ့ဒေသဘက်မှာ ရွာသားတွေကို တပ်မတော်က လမ်းပြအဖြစ် ခေါ်ယူအသုံးပြုတာ တွေရှိတယ်လို့ ဒေသခံတွေ ကပြောပြီး ဒါဟာ ဂျီနီဗာသဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ လွှတ် တော်ကိုယ်စားလှယ်တွေက ထောက်ပြပါ တယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော် AA တို့အကြား ကြာသပတေးနေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတုန်းပဲလို့ ရခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

“ဒီရက်ပိုင်းမှာတော့ နေ့တိုင်းဖြစ်နေတယ်ဗျ တိုက်ပွဲက။ မနေ့ကလဲပဲ နေရာ(၄)ခုမှာဖြစ်တယ် ဒီဇင်ဘာ(၂၆)ရက်နေ့ မှာ။ ပထမတိုက်ပွဲဖြစ်တဲ့နေရာကတော့ ပလက်ဝမြို့နယ် ပကာဝရွာရဲ့အနောက်ဖက် အဲဒီတောင်တန်းမှာဖြစ်တာ။ အဲဒီ မှာ မနက်(၁၁)နာရီကနေ(၁၁)နာရီနဲ့မိနစ်(၅၀)အထိပေါ့နော်။ မိနစ်(၄၀)ကျော်အကြာဖြစ်ခဲ့တယ်ဗျ။ နောက်အဲဒီ ရသေ့တောင်မြို့နယ် ထဲကခရုချောင်းရွာအနီးမှာ နေ့လယ်(၁)နာရီလောက်မှာတိုက်ပွဲဖြစ်တယ်ထင်ဗျ။ တတိယနေရာ တခုကတော့ အရင်ဒီ(၂၅)ရက်နေ့ကတိုက်ပွဲဖြစ်ခဲ့တဲ့နေရာပေါ့။အဲဒီသြရမတောင်တန်းပေါ်မှာ ညနေ(၅)နာရီလောက် မှ စတင်ပြီးတိုက်ပွဲဖြစ်တယ်။ နောက်တနေရာကတော့ ပလက်ဝမြို့နယ်ထဲမှာ ဒီမြိတ်ဝရွာရဲ့ အနီးပတ်ဝန်းကျင်တဝိုက် အဲဒီမှာ မနက်(၉)နာရီလောက်ကစပြီးတော့မှ ဗမာစစ်တပ်ဖက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ ထိးစစ်ဆင်လာတယ်ဗျ။ ထိတွေ့တိုက်ပွဲကဖြစ်ပွါးခဲ့တယ်။”

ရခိုင်ပြည်နယ်တွင်းက ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေဘက်မှာနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ လေးနေရာ ထက်မနည်း တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။

ဒီတိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးသလို တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန် တာမတွေ့ရသေးပါဘူး။

ဒီနေ့ကြာသပတေးနေ့မနက်ဖက်မှာ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာက အရပ်သား ၁၁ ဦးကို တပ်မ တော် ဘက်ကနေ ရေကောင်းချောင်းကျေးရွာဖက် လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းညွန့်ကပြောပါတယ်။

“ဒီနေ့မနက်(၈)နာရီခွဲလောက်က သူတို့လူ(၁၁)ယောက်လောက်ခေါ်သွားတယ်။ ပေါ်တာဆိုတဲ့သဘောပေါ့နော။ ဘာကိစ္စနဲ့ခေါ်သွားလဲဆိုတာမသိဘူး။ မနေ့ကဆိုလို့ရှိရင်ရသေ့တောင်မြို့နယ် ရေကောင်းချောင်းမှာ တိုက်ပွဲဖြစ်တာ ပစ်တာခတ်တာကြားရတယ်။ အဲဒီလိုဆိုလို့ရှိရင်သူတို့ လမ်းမှာ စိုးရိမ်တကြီးနဲ့လမ်းမှာအန္တရာယ်တွေ ဘာတွေကြောင့် ခေါ်သွားတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်အဲဒီလိုထင်တယ်။”

ဒီလို စစ်ဖြစ်ပွါးရာဒေသဘက်ကို တပ်မတော်က ရွာသားတွေကို ခေါ်ဆောင်သွားတဲ့ဖြစ်စဉ်အပေါ် အထက်အာဏာ ပိုင်တွေကို တိုင်ကြားထားပြီး မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဦးသိန်းညွန့်ကပြော ပါတယ်။

“ဌာနဆိုင်ရာအကြောင်းကြားတာက ကျွန်တော်တို့အုပ်ချုပ်ရေးဦးစီးဌာနရယ်။ ပြည်သူ့လွှတ်တော်ရယ် ပြည်နယ် လွှတ်တော်အမတ်တို့ ဌာနဆိုင်ရာကို ပြန်ကြားထားပြီးပြီး။ လတ်တလောအကြောင်းမပြန်သေးဘူး။ တောထဲကလည်း ပစ်သံခတ်သံကြားရပြီးဆိုတော့ ရွာသားတွေမိသားစုကတော့ စိုးရိမ်တကြီးဖြစ်နေကြတယ်လေ။ ”

ဒီဇင်ဘာ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွါးရာဒေသအနီး ရေကောင်းချောင်းရွာကိုလည်း တပ်မတော်ဘက်ကနေ ခြိမ်းခြောက်တာ တွေရှိခဲ့တယ်လို့ ရေကောင်းချောင်းရွာသားတဦးကပြောပါတယ်။

တပ်မတော်အနေနဲ့အခုလိုရွာသားတွေကို လမ်းပြအဖြစ်ခေါ်ဆောင်သွားတာဟာ ဂျနီဗာ သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အခုလို ပြောပါတယ်။

“လူ့အခွင့်အရေးကြေညာစာတမ်းပါတဲ့အချက်တွေ ဂျနီဗာကွန်ဗင်းရှင်းမှာပါတဲ့အချက်တွေကို အစိုးရတရပ်အနေနဲ့ လိုက်နာဖို့လိုတယ်ပေါ့နော်။ နောက်ပြီးတော့မြန်မာနိုင်ငံအစိုးရဖက်ကလဲ ဒီလိုပေါ်တာတွေမဆွဲတော့ပါဘူး။ ပြည်သူ တွေကိုစာနာထောက်ထားဖို့လိုအပ်တာပေါ့နော် အစိုးရတရပ်အနေနဲ့။ အခုဒီလိုလုပ်လာတယ်ဆိုတာက ဂျနီဗာကွန် ဗင်းရှင်းမှာပါတဲ့အချက်အလက်တွေကို ချိုးဖေါက်ရာရောက်တယ်။ နောက်ပြီးတော့ပေါ်တာမဆွဲပါဆိုတဲ့ဟာလဲ အခုက ဒါတွေကိုလဲချိုးဖေါက်ရာရောက်တယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာလကုန်ပိုင်းကနေ ဒီကနေ့အထိ ရခိုင့်တပ်မတော်နဲ့မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်တာတွေ ဆက်ရှိနေပြီး အဲဒီတိုက်ပွဲတွေကြောင့် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်တွေ ဘက်မှာ ရွာသား ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်ကို ဒီဇင်ဘာလ၂၁ ရက်နေ့မှာ တပ်မတော် က ထုတ်ပြန်ခဲ့ပြီး NCAလက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ရော NCAလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအကုန်လုံးနဲ့ပါ ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တပ်မတော်ကနေအပစ်ရပ်ဖို့ ကြေညာထားတဲ့ စစ်တိုင်းဒေသကြီး ၅ ခုထဲမှာ ရခိုင်ပြည်နယ်မပါရှိသလို ရခိုင် လက်နက်ကိုင်အဖွဲ့ AAနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေရပ်မသွားသေးတဲ့အခြေအနေမှာပဲ ရှိနေပါသေး တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG