သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တင်းမာမှု လျှော့ချရေး တရုတ်-အိန္ဒိယ သဘောတူ


(Zawgyi/Unicode)

နှစ်ပေါင်း ၅၀ အတွင်း လူအသေအပျောက်ရှိခဲ့တဲ့ထိ နှစ်ဖက်တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့အပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေကို လျှော့ချဖို့ သဘောတူလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဟိမဝန္တာတောင်တန်းဒေသ နယ်စပ်ဒေသမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင် အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာမှာ အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ရတာပါ။

တနင်္လာနေ့တုန်းက နှစ်နိုင်ငံ စစ်တပ် အကြီးအကဲတွေ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်အပြီး နှစ်ဘက်တပ်တွေ ထိတွေ့မှုမရှိအောင် နေရာချထားဖို့ သဘောတူလိုက်ကြောင်း အင်္ဂါနေ့မှာ အိန္ဒိယစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ အရှေ့ Ladakh ဒေသတဝိုက် နှစ်ဘက်တပ်တွေ ထိတွေ့မှု ဖြစ်နိုင်ချေမရှိတဲ့ နေရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြသလို ဒါကို ရှေ့ဆက်ဆောင်ရွက် သွားဖို့ နှစ်ဘက်သဘောတူခဲ့ကြတာပါ။

နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန်အတွင်း အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ရုပ်သံ ဆွေးနွေးပွဲမှာတော့ နိုင်ငံကြီးတွေ အနေနဲ့ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာဖို့ လိုကြောင်း အိန္ဒိယဘက်က ပြောလိုက်ပါတယ်။

“နိုင်ငံတကာ ဥပဒေကို လိုက်နာခြင်း၊ တစ်ဖက်နိုင်ငံရဲ့ တရားဝင် အကျိုးစီးပွားကို အသိအမှတ်ပြုခြင်း၊ နိုင်ငံပေါင်းစုံ စနစ်ကို ထောက်ခံခြင်းနဲ့အများကောင်းကျိုးကို မြှင့်တင်ခြင်းတို့ကသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာ့စနစ်တခုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်” လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာနပြောခွင့်ရ Zhao Lijian ကတော့ နယ်စပ်ဒေသ တင်းမာမှုကို လျှော့ချဖို့လိုအပ်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေချသွားဖို့ နှစ်ဘက် သဘောတူခဲ့ ကြောင်းပြောပါတယ်။ ဘယ်လို ကန့်သတ်ချက်တွေချမှတ်မလဲ ဆိုတာကို နှစ်နိုင်ငံလုံးက အသေးစိတ် ပြောကြားခြင်းမရှိပါဘူး။

အရင်က သဘောတူညီချက်တွေအရ တရုတ်နဲ့ အိန္ဒိယ နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေအနေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြရင် ပစ်ခတ်မှု မလုပ်ကြဖို့ တားမြစ်ထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက ခိုက်ရန်ဖြစ်ပွားတာမှာ ပစ်ခတ်မှု မရှိခဲ့ပေမဲ့ တဘက်နဲ့ တဘက် ကျောက်ခဲတွေနဲ့ ပစ်ခတ်ခဲ့သလို သံချောင်းတပ် တုတ်တံတွေနဲ့ ရိုက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ် အပေါ် တရုတ် တပ်ဖွဲ့ဝင်တွေ ရဲ့ကြိုတင်ကြံစည်တဲ့လုပ်ရပ်လို့ အိန္ဒိယက စွပ်စွဲခဲ့သလို တရုတ်ကလည်း အိန္ဒိယကို ပြန်လည် အပြစ်ဖို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)







XS
SM
MD
LG