သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ငြိမ်းချမ်းရေးညီလာခံ တက်လိုကြောင်း ကမ်းလှမ်း


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေး ပြင်ဆင်မှု မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေး ပြင်ဆင်မှု မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အပါအဝင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ရှေ့လထဲ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံအစည်းအဝေးကို တက်ရောက်ဖို့ ကမ်းလှမ်းထားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

လာမယ့် သြဂုတ်လ ဒုတိယပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဖိတ်ကြားမယ်ဆိုရင် တက်ရောက်ဖို့ ဆန္ဒရှိကြောင်း TNLA တအန်းပလောင်၊ MNDA ကိုးကန့်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့တို့ ပူးတွဲ ကြေညာခဲ့ကြတာပါ။ အပြုသဘောဆောင်တဲ့ ရပ်တည်ချက်နဲ့ တက်ရောက်လိုကြောင်း ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့လည်း PSLF/TNLA အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က VOA ကို အခုလို ပြောဆိုပါတယ်။

“၂၁ ပင်လုံကတော့ အဓိကကတော့ ကျနော်တို့ သုံး ဖွဲ့လုံးကို ဖိတ်တယ်။ ကျနော်တို့ သွားဖို့လာဖို့ အဆင်ပြေနိုင်တယ်။ အဲဒါဆိုရင်တော့ ကျနော်တို့ဘက်က အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ကျနော်တို့ လုပ်နိုင်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တိုက်ပွဲဖြစ်တာထက်စာရင် အစည်းအဝေးဖိတ်တယ်ဆိုရင် သွားတက်တာက ဒါက ပိုပြီး အပြုသဘောဆောင်တယ်ဆိုတဲ့ ရပ်တည်ချက်ပဲ၊ အမြင်ပဲ ရှိပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲ၊ ၂၁ရာစုပင်လုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့သဘောထားကို ညီနောင်မဟာမိတ် သုံး ဖွဲ့က ဒီလ ၂၁ရက်နေ့က ထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ အစိုးရ NRPC နဲ့ သူတို့အကြား ရပ်တန့်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို အမြန်ဆုံးပြန်လည် စတင်လိုကြောင်းလည်း ဖော်ပြထားပါတယ်။

NRPC ခေါ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုရင်တော့ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်မှာဖြစ်တယ်လို့လည်း တာ့ဘုန်းကျော်က ပြောပါတယ်။

“ကျနော်တို့ NRPC နဲ့ တွေ့မယ်ဆိုရင် ပထမဦးဆုံး ဒီ မြန်မာ့တပ်မတော်က ကျနော်တို့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတာ ပထမဦးဆုံး စဉ်းစားဖို့ လိုမယ်လို့ ကျနော်ထင်တယ်။ အဲဒါကို ဘယ်လို ပြန်ရုပ်သိမ်းမလဲ။ ဘယ်လို တက်လို့ ရအောင်ပေါ့။ AA ဒီအစည်းအဝေးထဲမှာ ပါဝင် ပတ်သက်လာအောင် စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအခင်းအကျင်းက AA အနေနဲ့ တက်ရောက်နိုင်တဲ့ အခင်းအကျင်းရှိမှသာလျှင်၊ အာမခံနိုင်မှသာလျှင် ဒါက တွေ့ဆုံဆွေးနွေးမှုဖြစ်နိုင်တယ်။ တစ်နေရာရာတော့ ဖြစ်နိုင်တယ်ပေါ့။”

အစိုးရရဲ့ NRPC နဲ့ မြောက်ပိုင်းအဖွဲ့တွေအကြား ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါ။ COVID 19 ဖြစ်ပွားလာတဲ့နောက်မှာ နေရာရွေးခြယ်မှုမှာ နှစ်ဘက်သဘောတူညီချက် မရတာကြောင့် ဆွေးနွေးပွဲတွေဟာ ၇ လနီးပါးကြာ ရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေက ၂၁ ရာစုပင်လုံကို လုံခြုံရေးအာမခံချက်ရှိရင် တက်ရောက်ဖို့ ဆန္ဒရှိကြောင်း ထုတ်ပြန်တဲ့အပေါ်မှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက အခုလို တုံပြန်ပြောဆိုပါတယ်။

“သူတက်တာ မတက်တာကတော့ ဒီ ခွင့်ပြုတာ မပြုတာကတော့ NRPC နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ပြီးလုပ်နေတာ NRPC ကပဲ ဦးဆောင်ပြီး လုပ်နေတာဖြစ်တယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီဟာမှ မဟုတ်ပါဘူး။ ခွင့်ပြုလို့မို့ တက်တယ်တို့ ဘာတို့ဆိုရင် ကျနော်တို့အနေနဲ့က Bilateral ဆွေးနွေးတာတို့ သူတို့အဖွဲ့တွေနဲ့ တွေ့ခဲ့တာတော့ရှိတယ်။ အဲဒီထဲကအတိုင်း ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လုံခြုံရေးအာမခံချက်က ကျနော်တို့အနေနဲ့က ပေးပြီးသားဖြစ်တယ်။ စိတ်ချပါလို့ ပြောပြီးသားဖြစ်တယ်။”

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ COVID 19 ကပ်ရောဂါကြောင့် ၂၁ ပင်လုံအစည်းအဝေးကို လူလျှော့ပြီး ကျင်းပချိန်မှာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်မယ်၊ မဖိတ်ဘူးဆိုတာ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၂၁ ပင်လုံ အစည်းအဝေး တက်ရောက်မယ်ဆိုတဲ့အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“NCA လက်မှတ် မထိုးထားတဲ့အဖွဲ့ ရှစ် ဖွဲ့က သူက ဖိတ်လို့ တက်ရင်လည်းပဲ NCA ထိုးမထားတဲ့အတွက်ကြောင့် နိုင်ငံရေးအရ ဆွေးနွေးခွင့်မရှိဘူး။ ပွဲတက် သက်သက်ပဲ ဖြစ်တာကိုး။ အဲတော့ ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ သိပ်တော့ မထူးဘူးပေါ့။ ဒါက တစ်ပိုင်း၊ ဒါပေမဲ့ တစ်ခု ရှိတာကတော့ အခု မြောက်ပိုင်း လေး ဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ရပ်နေတဲ့အချိန်မှာ သူတို့တွေ ဒီပွဲကို လာတက်တဲ့အချိန်မှာ အဲဒီမြောက်ပိုင်း လေး ဖွဲ့နဲ့ ဆွေးနွေးပွဲကို အစပြုနိုင်ဖို့အတွက် ညှိနှိုင်းနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုတော့ဖြစ်လိမ့်မယ်။ ဒီထက်တော့ မပိုဘူး ထင်ပါတယ်။”

ဒီရက်ပိုင်းတွေအတွင်း အစိုးရတပ်မတော်နဲ့ AA အဖဲ့ွ အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို TNLA အဖွဲ့နဲ့လည်း မန်တုံမြို့နယ်အတွင်းမှာ တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။

MIPS ခေါ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူအဖွဲ့ကတော့ ၂၀၁၉ ခုနှစ်အတွင်း မြန်မာပြည်မှာ တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်ဖြစ်ခဲ့ရာမှာ တိုက်ပွဲတွေရဲ့ ၅၃ ရာခိုင်နှုန်းက AA နဲ့ ဖြစ်ပွားခဲ့ပြီး ၂၈ ရာခိုင်နှုန်းကတော့ TNLA နဲ့ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG