သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများဖြစ်ပွား


ရှမ်းပြည်မြောက်ပိုင်း စစ်ရှောင်ဒုက္ခသည်များ။
ရှမ်းပြည်မြောက်ပိုင်း စစ်ရှောင်ဒုက္ခသည်များ။

[Zawgyi/Unicode]

ကပ်ရောဂါကြုံနေရချိန်မှာ တဘက်သတ် အပစ်ရပ်ထားဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြေညာထားပေမဲ့လည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး၊ စစ်ရေး တင်းမာမှုတွေ ကြီးထွားလာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ကာလအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

ဒီတိုက်ပွဲတွေဟာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကချင် KIO၊ ကိုးကန့် MNDAA နဲ့ တအန်း(ပလောင်) TNLA တို့အကြားမှာ လားရှိုး၊ တာယန်းနဲ့ မူဆယ်ခရိုင်က ကြူကုတ်(ပန်ဆိုင်း) မြို့နယ်တွေအတွင်း ဖြစ်ပွားတာဖြစ်ပါတယ်။

ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“မနေ့က လားရှိုးမြို့နယ်ထဲက မက်မန်းရွာရဲ့ အထက်ဘက်နားမှာ ညနေ ၄ နာရီခွဲကနေ ၄ နာရီ ၄၅ အထိလောက် အဲဒီမှာ တစ်နေရာဖြစ်တယ်။ နောက်တစ်နေရာကတော့ တာယန်းမြို့နယ်အထဲမှာ ဝမ်ခိုင်ရွာရဲ့ အထက်နားမှာ ဖြစ်တယ်။ အဲဒါကတော့ နေ့လယ် ၁၂နာရီ ၄၅လောက်ကနေ တစ်နာရီထိ တစ်ကြိမ်ဖြစ်တယ်။ ကျနော်တို့ တပ်ရှိတဲ့ဘက်ကို တပ်မတော်က တက်လာတဲ့အတွက် ဒီ ကျနော်တို့ ရှေ့ပြေးကင်းနဲ့ စပြီးမှ ထိပ်တိုက်တွေ့ပြီးမှ တိုက်ပွဲ စဖြစ်ပွားတာဖြစ်ပါတယ်။”

ဒီနေ့ နေ့ခင်းပိုင်းအထိတော့ တိုက်ပွဲထပ်မံဖြစ်ပွားတဲ့ သတင်းမရရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီလအတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ အပတ်အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး လောလောဆည် စစ်ရေးတင်းမာမှုတွေ ရှိနေကြောင်း KIA ကချင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“စက်တင်ဘာလ ၁၁ရက်နေ့ရယ်၊ ၁၂ရက်နေ့ရယ် ဆက်တိုက်ဖြစ်ပါတယ်။ အခုနောက်ဆုံးကတော့ နှစ်ဘက်က တပ်တွေ အားလုံးကတော့ ကိုယ့်နေရာမှာ ကိုယ်နေပြီးတော့ ပြန်ငြိမ်သွားတဲ့အနေအထားတော့ ရှိပါတယ်။ ဒါပေမဲ့ တပ်မတော်ကလည်း သူ့တပ်တွေ ပြန်ဆုတ်သွားတာတော့ မရှိပါဘူး။ အဲဒါကြောင့် စစ်ရေး အခြေအနေကတော့ တင်းမာတဲ့အနေအထားတော့ ရှိပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်မလားပေါ့နော်။ အဲဒါ အားလုံးကတော့ သတိအနေအထားနဲ့ နေတဲ့အနေအထားပဲ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်တွေ ရှိတဲ့ဘက်မှာ တိုးဝင်လာလို့ ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ”

TNLA က ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ ပြီးခဲ့တဲ့လတွေက စတင်ပြီး ရှမ်းမြောက်ဒေသမှာ တပ်မတော်ဘက်က အင်အားဖြည့်တင်းတာတွေ ရှိခဲ့ကြောင်း အခုလို ပြောပါတယ်။

“ဒီ ၈လပိုင်းအကုန်ပေါ့။ သြဂုတ်လ ကုန်ခါနီးရယ်၊ အခု စက်တင်ဘာလဆန်းရယ်၊ ဒီ ရှမ်းမြောက်ဘက်မှာတော့ လားရှိုးရယ်၊ ကွတ်ခိုင်ဘက်အခြမ်းရယ်၊ မူဆယ်၊ နမ့်ခမ်းပေါ့နော် စစ်အင်အားပြန်ပြီး တိုးချဲ့လာတာတော့ ရှိတယ်။ စစ်အင်အားတိုးချဲ့တော့ ကျနော်တို့နေတဲ့ တောတွင်းထိကို လိုက်လံပြီးတော့ ထိုးစစ်ဆင်နေတော့ တိုက်ပွဲက ပြန်လည်ဖြစ်ပွားတာဖြစ်တယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အတည်ပြု မေးမြန်းနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အရှေ့မြောက်စစ်တိုင်းဌာနချုပ်က ပြောခွင့်ရသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့် နဲ့ AA ရခိုင်အဖွဲ့တွေဟာ အစိုးရနဲ့ Bilateralခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ နောက်ဆုံးဆွေးနွေးခဲ့ကြပြီး ဒီနှစ်အတွင်းမှာတော့ COVID 19 ကပ်ရောဂါကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေခဲ့ပါတယ်။

လတ်တလော ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ့် အလားအလားကို နှစ်ဘက်အကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့ PCG ခေါ် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။

“အခုလောလောဆယ် နောက်ဆုံးအခြေအနေက ဘာမှ မထူးခြားဘူးဗျ။ ဟိုကလည်းပဲ ဘာမှ မပြောဘူးဗျ။ နှစ်ဘက်စလုံးက ငြိမ်နေတယ်။ အခုလောလောဆယ်က COVID 19 ကိစ္စကြောင့် ထင်တယ်။ ဘာမှလည်း အကြောင်းပြန်လာတာ ဘာမှလည်း မရှိသေးဘူးဗျ။”

စက်တင်ဘာလ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြောက်ပိုင်းမဟာမိတ်တွေဘက်က ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အစိုးရထံကို အကြောင်းကြားလာကြောင်းနဲ့ အစိုးရဘက်က ဆွေးနွေးပွဲတွေဟာ အကျိုး ရှိ၊ မရှိ ပြန်လည်သုံးသပ်နေကြောင်း ပြောဆိုထားပါတယ်။

သြဂုတ်လအတွင်း မြန်မာနိုင်ငံမှာ COVID 19 ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာတဲ့နောက်မှာ တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိတဲ့နေရာမှ အပ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုကို စက်တင်ဘာလ ၁ရက်ကနေ ၃၀ရက်နေ့အထိ တိုးမြှင့်ခဲ့သလို အစိုးရနဲ့ တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း စက်တင်ဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၉ ရက်နေ့အထိ အပစ်ရပ်သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



















XS
SM
MD
LG