သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၁) နှစ်တာ ပစ်ခတ်မှု မှတ်တမ်း


ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်က တိုက်ပွဲမှာ ကျဆုံးသူပေါင်း (၉၃၄) ယောက်နဲ့ (၁၇၁၁) ယောက်ကြားမှာ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ တိုက်ပွဲကြောင့် သေဆုံးသူ အရပ်သား (၁၅၁) ရှိတယ်လို့ Myanmar Institude of Peace and Security က ထုတ်ဝေတဲ့ နှစ်ပတ်လည် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာက စာမျက်နှာ (၁၁၄) ရှိပြီး တွဲဖက်စာရွက်စာတမ်းနဲ့ ပေါင်းလိုက်ရင် စာမျက်နှာ (၃၁၃) ရှိတဲ့ မှတ်တမ်းဖြစ်နေပါတယ်။ ဒေါက်တာမင်းဇော်ဦး ခေါင်းဆောင်တဲ့ သုတေသီအဖွဲ့က ပြုစုတာပါ။ နိုင်ငံခြားအလှူရှင်နဲ့ တက္ကသိုလ်ရဲ့ ကူညီထောက်ပံ့မှုကြောင့် ဒီနှစ်လည်စာတမ်းကို ထုတ်ဝေနိုင်တာလို့ ဆိုပါတယ်။

မြို့နယ်အလိုက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ကို အသုံးပြုပြီး သုတေသန လုပ်ထားတာလို့ ဆိုပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် (၁၉) ဖွဲ့ရဲ့ ဆက်ဆံရေးအခြေအနေကို တင်ပြထားပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့ (၁၉) ဖွဲ့ထဲမှာ (၁၀) ဖွဲ့က တပြည်လုံးအပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးထားပါတယ်။ (၅) ဖွဲ့ကတော့ နှစ်ဦးနှစ်ဘက် သဘောတူညီချက် ရယူထားပါတယ်။ ကျန် (၄) ဖွဲ့မှာ ဘာသဘောတူညီချက်မှ မရှိတဲ့အတွက် သူတို့နဲ့ ပစ်ခတ်တာ အများဆုံး ဖြစ်နေပါတယ်။ တပ်မတော်လက်အောက်ခံ ပြည်သူစစ်နဲ့ နယ်ခြားစောင့်တပ်ဆိုတာတွေလည်း ရှိပါသေးတယ်။

ဒါပေမဲ့ ၂၀၁၉ မှာ အဓိကဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲငယ်တွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားတပ်ဖွဲ့ချင်း တိုက်ခိုက်တာမျိုး ရှိခဲ့ပေမယ့် မနှစ်ကတော့ နည်းပါးသွားတယ်လို့ ဆိုပါတယ်။ တအောင်းဝ်ပလောင်တပ်ဖွဲ့နဲ့ RCSS ရှမ်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ လျော့နည်းသွားပါတယ်။ NCA အပစ်ရပ် လက်မှတ်မထိုးသေးတဲ့ KIA ကချင်တပ်ဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲမဖြစ်အောင် ကချင်ပြည်မှာ ရှောင်းရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ထူးခြားချက်က တအောင်းဝ်ပလောင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ AA တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်များမှာ ဖြစ်ပွားတာ များပါတယ်။ AA ရခိုင်တပ်ဖွဲ့က ထိုးစစ်ဆင်တာကို တပ်မတော်က တုံ့ပြန်တိုက်ခိုက်ပြီး AA စခန်းတွေကို ချေမှုန်းဖို့ ကြိုးပမ်းပါတယ်။ တပ်မတော်က လေကြောင်းကပါ တိုက်ခိုက်လာပါတယ်။ AA ရဲ့ လှုပ်ရှားမှုကြောင့် အရပ်သားအုပ်ချုပ်ရေးစနစ် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ AA ရခိုင်တပ်ဖွဲ့၊ တအောင်းဝ်ပလောင်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့တို့ရဲ့ ပူးတွဲတိုက်ခိုက်မှုကြောင့် သြဂုတ်လမှာ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း နှစ်ပတ်လောက် ပိတ်ဆို့သွားပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲတွေမှာ KIA ကချင်တပ်ဖွဲ့ မပါဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ (၉၅) ရာခိုင်နှုန်းဟာ NCA အပစ်ရပ်စာချုပ်လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့ (၄) ဖွဲ့နဲ့ တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ တအောင်းဝ်ပလောင်တပ်ဖွဲ့၊ AA ရခိုင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ အများဆုံးတိုက်ခိုက်တာ တွေ့ရပါတယ်။ AA ရခိုင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ တိုက်ခိုက်ရာမှာ တပ်သား (၈၀၀) နဲ့ (၁၈၀၀) ကြား ကျဆုံးခဲ့ပါတယ်။ တအောင်းဝ်ပလောင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ တပ်သား (၈၀) နဲ့ (၁၂၀) အကြား ကျဆုံးတယ်လို့ ဆိုပါတယ်။ ရခိုင်တပ်ဖွဲ့၊ တအောင်းဝ်ပလောင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သားအသေအပျောက် အများဆုံး ဖြစ်ပါတယ်။ တပြည်လုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက (၅၈) ရာခိုင်နှုန်း၊ တအောင်းပလောင်တပ်ဖွဲ့နဲ့ တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက (၂၃) ရာခိုင်နှုန်း ရှိပါတယ်။ ရှမ်းမြောက်ပိုင်းမှာ တစ်လထဲမှာ တစ်ရာကျော် ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၉ မှာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခအကြိမ်ပေါင်း (၁၀၁၄) ဖြစ်ပွားခဲ့ပြီး၊ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း (၄၅) ကြိမ် ပစ်ခတ်ကြပါတယ်။ ပြည်သူ့စစ်၊ တိုင်းရင်းသားတပ်ဖွဲ့၊ အစိုးရတပ်သားတွေနဲ့ အရပ်သားဂိုဏ်းတွေပါဝင်တဲ့ အကြမ်းဖက်မှုက (၂၄) မှု ရှိတယ်လို့ ဆိုပါတယ်။ ခြုံကြည့်ရင်တော့ ၂၀၁၉ မှာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကြား တိုက်ခိုက်မှု နှစ်ဆနီးပါး တိုးပွားလာပါတယ်။ ဒါကလဲ တပ်မတော်နဲ့ ရခိုင်တပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေများပြားလာတာရယ်၊ တပ်မတော်နဲ့ တအောင်းဝ်ပလောင်တပ်ဖွဲ့တို့ရဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာတာရယ်ကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုတွေက (၅၀) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ တပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက် တိုးပွားလာတာ သဘာဝကျပုံရပါတယ်။ ဒါပေမဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ KNU ကရင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ ပစ်ခတ်နေသေးတာကတော့ မကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ ပစ်ခတ်မှုတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို မှေးမှိန်သေးသိမ်စေပါတယ်။

(၁) နှစ်တာ ပစ်ခတ်မှု မှတ်တမ်း
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

==Unicode==








XS
SM
MD
LG