သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကူညီဖို့ ကုလကို မြန်မာတောင်းဆို


၇၅ နှစ်သက်တမ်းပြည့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဗွီဒီယိုကနေ မိန့်ခွန်းပြောကြား (ဓါတ်ပုံ -MOFA)
၇၅ နှစ်သက်တမ်းပြည့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဗွီဒီယိုကနေ မိန့်ခွန်းပြောကြား (ဓါတ်ပုံ -MOFA)

(Zawgyi/Unicode)

ပဋိပက္ခ တွေနဲ့ ဆက်နွယ်ပြီး ထွက်ပေါ်လာတဲ့ ပြင်ပစိန်ခေါ်မှုတွေကြောင့် မြန်မာအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုတွေကို ပိုမိုရှုပ်ထွေးခက်ခဲစေတယ်လို့ မြန်မာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်နေတဲ့ နှစ်ပတ်လည် အထွေထွေညီလာခံမှာ တနင်္လာနေ့က ဝန်ကြီး ဦးကျော်တင်က ဗွီဒီယိုကနေ မိန့်ခွန်း ပြောကြားရာမှာ ကုလသမဂ္ဂအနေနနဲ့ မြန်မာကို ဖိအားပေးမယ့်အစား အကာအကွယ်ပေးဖို့နဲ့ စိန်ခေါ်မှုတွေကျော်လွှားနိုင်ရေး အကူအညီပေးသင့်ကြောင်း တိုက်တွန်းသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

COVID-19 ကပ်ရောဂါကြောင့် အကန့်အသတ်တွေနဲ့ ကျင်းပနေတဲ့ ၇၅ နှစ်သက်တမ်းပြည့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ တနင်္လာနေ့ စက်တင်ဘာလ ၂၂ ရက်နေ့က ပြောကြားခွင့်ရခဲ့တာပါ။ မြန်မာအစိုးရကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဗွီဒီယိုကနေ မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံရဲ့ပဋိပက္ခနဲ့ ဆက်နွယ်ပြီး ပြင်ပက လာတဲ့ ဖိအားပေး စိန်ခေါ်မှုတွေကြောင့် သူတို့ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုတွေကို ခက်ခဲစေတယ်လို့ အခုလို ထောက်ပြပြောဆိုသွားပါတယ်။

”ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦး တည်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ရှုပ်ထွေးခက်ခဲတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိုကြုံတွေ့နေရပါတယ်။ ဒါအပြင် ပဋိပက္ခ ပြဿနာတွေနဲ့ ဆက်နွယ်ပြီး ထွက်ပေါ်လာတဲ့ ပြင်ပစိန်ခေါ်မှုတွေ မြင့်တက်လာတာကြောင့်လည်း ကြိုးပမ်းအားထုတ်မှုတွေကို ပိုမို ရှုပ်ထွေးစေပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်း၏အပြုသဘောဆောင်သော ပူးပေါင်းပါဝင်မှုကသာ ရှုပ်ထွေးသိမ့်မွေ့တဲ့ သဘောသဘာဝရှိနေတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ မြန်မာအစိုးရက ယုံကြည်ထားကြောင်းလည်း ဝန်ကြီး ဦးကျော်တင်က ပြောသွားပါတယ်။

"ကုလသမဂ္ဂဟာ မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေအတွက် မျှော်လင့်ချက် မီးရှှုးတဆောင် ဖြစ်သင့်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့လိုအပ်ချက်တွေကို ဦးစားပေးဖြည့်စည်းပေးနိုင်ဖို့ ကုလသမဂ္ဂကို ပြန်လည်အားဖြည့်ဖို့ လိုအပ်နေပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံလို နိုင်ငံငယ်တွေကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ အဟန့်အတားမဖြစ်စေပဲ ကူညီပေးတယ်ဆိုတာကိုပဲ ကျနော်တို့ မြင်လိုပါတယ်။"

လက်ရှိမြန်မာအစိုးရဟာ ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့တရားစွဲဆိုချက်ကို ရင်ဆိုင်နေရတာပါ။ အခုလို ကုသမဂ္ဂအထွေထွေညီလာခံမှာ ဝန်ကြီးဦးကျော်တင်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ရှေ့ပြေးအသံ ဘုတ်အဖွဲ့ဥက္ကဌ ဒေါ်ခင်ဥမ္မာ က သူ့ရဲ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့က နိုင်ငံတကာရဲ့ အကူအညီတွေကျရင်တော့ ကိုယ့်နိုင်ငံအတွက် ကိုယ်လိုတဲ့ဥစ္စာကိုတော့ ယူမယ်၊ ပေးကြပါပေါ့။ ဒါပေမယ့် တကယ်တမ်းကိုယ့်ဘက်ကနေပြီးတော့မှ ကုလသမဂ္ဂရဲ့ အဝန်းအဝိုင်း၊ အားလုံးနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်မှုပေါ့၊ အဲလိုမျိုး ကိစ္စမျိုးကျမှာတော့ ကိုယ်ကနေပြီးတော့မှ တာဝန်ယူမှု ၊ တာဝန်ခံမှုတွေဆိုတာ ရှိရမှာပဲလေ။ ဆိုတော့ တကယ်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာက ကိုယ်တွေ လက်မှတ်တွေထိုးထားတာတွေရှိတယ်၊ ကတိကဝတ်တွေ ပြုထားတာတွေရှိတယ်။ စာချုပ်စာတန်းတွေ သဘောတူထားတာတွေရှိတယ်။ ဆိုတော့ လိုချင်တာတွေတော့ပေး၊ ဒါပေမယ့် တာဝန်ယူဖို့ ၊ တာဝန်ခံဖို့တွေကိုတော့ လာမပြောနဲ့ ဆိုတာမျိုး။ သံတမန်နည်းအရ ဘယ်လိုပဲ စကားလုံးသုံးသုံးပေါ့နော် အဲလိုအဓိပ္ပါယ်ရောက်တာမျိုးကတော့ ကျမတို့က ထင်တယ် တိုင်းပြည်က တကယ်ဖြစ်နေတဲ့ ပြဿနာတွေကို တကမ္ဘာလုံးက မြင်နေရတဲ့အချိန်မှာ အခုလို အစိုးရ တာဝန်ရှိသူတယောက်က ထပ်ပြီးတော့ ဒီလို မသိချင်ယောင်ဆောင်ပြီးပြောတာက ပိုတောင်မှ သိက္ခာကျစေတယ်လို့ ကျမ မြင်တယ်ရှင့်။”

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာ အကောင်အထည်ဖေါ်တာမျိုးမရှိတာ၊ IIMM လို ကုလသမဂ္ဂ ယန္တရားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းပယ်နေမယ်ဆိုရင် ဒီနှစ် ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေဟာ ပိုပြီး ပြင်းထန် ဖိအားပေးလာဖို့ရှိတယ်လို့ မြင်ကြောင်း ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“ဒီ ICJ ဆိုတာက ကုလသမဂ္ဂရဲ့ တရားဝင် ခုံရုံးဖြစ်တဲ့အတွက်ကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက သူ့ရဲ့ တရားရုံးကနေ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို မြန်မာအစိုးရဟာ တာဝန်ယူပြီးတော့ ဖြေရှင်းဖို့အတွက်ကို သူတို့က ဒီဆုံးဖြတ်ချက် အကောင်အထည်ဖော်ဖို့အတွက်ကို သူတို့က လုပ်ကြရမှာပဲ။ ဆိုတော့ အဲဒီတာဝန်ဖြစ်တဲ့ ကိစ္စအပေါ်မှာ မူတည်ပြီးတော့ အခု ဒီအထွေထွေညီလာခံမှာ ပုံမှန် နှစ်စဉ် မြန်မာပြည်အတွက် ဆုံးဖြတ်ချက်ချနေတဲ့ဟာတွေ ဒီနှစ်ဆုံးဖြတ်ချက်က ICJ နဲ့ ပတ်သက်လို့ ပိုပြီးတော့မှ မြန်မာ အစိုးရ လိုက်နာဆောင်ရွက်ဖို့ ကိစ္စတွေကို ပိုပြီးတော့မှ ပြောလာကြလိမ့်မယ် ၊ ပါလာလိမ့်မယ်လို့ ကျမမြင်တယ်။”

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးမကြာမီမှာ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၅၈ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ် တားဆီးရေး စာချုပ်အပါအဝင် ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းတွေမှာ ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။ ဒါအပြင် ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် မြန်မာနိုင်ငံသား ဦးသန့်က တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အေးတိုက်ပွဲကာလ ပြင်းထန်လှတဲ့ အကျပ်အတည်းတွေကို ဖယ်ရှားပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်နိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.................


(Unicode)













XS
SM
MD
LG