(Zawgyi/Unicode)
COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း အရှိန် မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ နဂိုမူလ သတ်မှတ်ထားတဲ့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရောဂါကာကွယ်ရေးအစီအစဉ် အပါအဝင် ကြိုတင်ပြင်ဆင်မှုတွေကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က အသေးစိတ် ပြောကြားခဲ့ပါတယ်။
ကပ်ရောဂါကူးစက်မှု စိုးရိမ်နေရတဲ့ အခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ အတိုက်အခံနိုင်ငံရေးပါတီတွေက တောင်းဆိုထားချိန်မှာဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အတိုင်းကျင်းပဖို့ ပြင်ဆင်နေတာတွေကို ပြောဆိုသွားတာဖြစ်ပါတယ်။
မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။
COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တနင်္လာနေ့က ပြည်သူကို တင်ပြတဲ့ တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်းမှာ ကူးစက်မှုနှုန်းမြင့်နေပေမယ့်လည်း ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပနိုင်ရေး ပြင်ဆင်နေတာတွေကို အခုလို ပြောသွားပါတယ်။
“ဘယ်လို စဉ်းစားသလဲဆိုတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ပြည်သူပြည်သားများဟာ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲမှာ သွားပြီး မဲပေးနိုငို့ကို ကျမတို့ စီစဉ်ပါတယ်။ အဲဒီအတွက်လည်း သေသေချာချာ လေ့ကျင့်ပါမယ်။ ဥပမာဆိုရင် မနက်ဖြန်မှာ ပထမဦးဆုံးအကြိမ် တကယ့်ကို ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ဘယ်လိုပုံစံနဲ့ မဲရုံတွေမှာ ကျင်းပမလဲ၊ ပြည်သူတွေက ဘယ်လို ပုံစံနဲ့ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင် စီစဉ်မလဲဆိုတာ လေ့ကျင့်ပြီးတော့ သေသေချာချာ စစ်ဆေးပါမယ်။ ဘာလုပ်ဖို့ လိုလဲ၊ ဘယ်လို အကောင်းဆုံး ဖြစ်အောင် ကျမတို့ လုပ်ရမလဲ၊ ပြည်သူတွေအတွက် စိတ်ချလုံခြုံ မူလည်းရအောင်၊ တကယ်လည်း လုံခြုံအောင်လို့ ဘယ်လို စီစဉ်ရမလဲဆိုတာတွေကို ကျမတို့ သတ်မှတ်ပါမယ်။ အဲဒီလို လေ့ကျင့်မှုကို ရွေးကောက်ပွဲမတိုင်မီ ၃ ကြိမ် လုပ်ပါမယ်။ ၃ ကြိမ်အပေါ်မှာ အခြေခံပြီး ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ချမှတ်မလဲဆိုတာ သေသေချာချာ စဉ်းစားပါမယ်။ နောက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး အစီအစဉ်တွေကို အကောင်အထည်ဖော်ပါမယ်။”
လူစုလူဝေးနဲ့ မဲရုံတွေမှာ မဲပေးရေးကိစ္စ COVID-19 ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်သူတွေရှိပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ပြောသွားတဲ့အတိုင်း အစိုးရ ပြင်ဆင်ထားမယ့် အစီအစဉ်ကတော့ သင့်လျော်မှုရှိကြောင်း မြန်မာ့အရေးသုံးသပ်နေသူ ဒေါက်တာတင်မောင်သန်းက ဗွီအိုအေကိုပြောပါတယ်။
“ချဉ်းကပ်တာကတော့ စမ်းသပ်ပြီးတော့ ၃ ကြိမ်လောက် ဒါကို လုပ်ကြည့်မယ် ။ အခြေခံမှု ၂ ခုကတော့ ရောဂါလည်း ကာကွယ်နိုင်ရမယ်။ ပြီးတော့ ရွေးကောက်ပွဲလည်း လူတဦးချင်းရဲ့ အခွင့်အရေးတွေကိုလည်း လေးစားတဲ့ဟာ ဖြစ်ရမယ်။ ဒါက နိုင်ငံရေးအားဖြင့် နိုင်ငံရေးခေါင်းဆောင်တယောက်က ချပေးတဲ့ မူပေါ့နော်။ အဲဒီအတွက် ကြိုတင်စမ်းသပ်ပြီးတော့လည်း ၃ ကြိမ်စမ်းကြည့်မယ်။ ပြန်လည်သုံးသပ်မယ်၊ အမှားတွေကို ပြင်မယ် ဆိုတာကို ပြောသွားတယ်။ ဒီဟာလေးကတော့ ယေဘုယျ ချဉ်းကပ်ပုံကတော့ သင့်တော်မယ်လို့ ထင်ပါတယ်။”
ရွေးကောက်ပွဲအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေနဲ့ တဆက်တည်း ရောဂါကာကွယ်ထိန်းချုပ်ရေး အဓိကအရေးကြီးတဲ့ mask နှာခေါင်းစည်းကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့ပါတယ်။ သတ်မှတ်ထားတဲ့နေရာတွေမှာ နှာခေါင်းစည်း မတပ်ရင် ဒဏ်ငွေ ၂၀၀ ကျပ် စတင်ပေးဆောင်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။
ဒီအပေါ်မှာ ဒေါက်တာတင်မောင်သန်းရဲ့အမြင်ကတော့
“mask တပ်တယ်ဆိုတာက ကျန်းမာရေး ပညာပေးလုပ်ငန်းနဲ့ အများကြီး ပတ်သက်ပါတယ်။ အခုကိစ္စမှာဆိုရင် ပညာပေးတာရော နောက်ပြီးတော့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပြဌာန်းချက်ကို လိုက်နာအောင် ဆောင်ရွက်တာကတော့ ၂ ခုတွဲလာတယ်ပေါ့နော် ။ ဒဏ်ငွေ ပြောတဲ့အခါမှာလည်း mask ကိုရောင်းတဲ့သဘောပါ။ ဒါကြောင့်မို့ ပြဌာန်းသတ်မှတ်ချက်တွေကို လိုက်နာအောင်လုပ်တဲ့သဘောကတော့ နည်းနည်းပိုပြီး နည်းတယ်လို့ ယူဆရမယ်ပေါ့နော်။ အဲဒီတော့ ဆိုလိုတာက mask တပ်ရေးကိစ္စကို ပြောတဲ့အခါမှာလည်း ဥပမာ ဘက်စ်ကားစီးမယ်ဆိုရင် ဘက်စ်ကားပေါ်တက်ရင် Mask ပါရမယ်။ မပါရင် တက်ခွင့်မပေးဘူး။ ဒါမှ မဟုတ်ရင်လည်း ဘက်စ်ကားပေါ်တွေမှာ Mask ထားပေးထား ရမယ်။ ရောက်တာနဲ့ တပ်ရမယ် ။ ဒီလို စနစ်တခုကို တည်တဲ့ စဉ်းစားပုံလေးတွေကို ကျနော်တို့က ပိုပြီးတော့ သွားစေချင်တယ်။ လုပ်နေရတယ် ဘာကြောင့်လဲဆိုတော့ ဒါမှ လူတိုင်းက လိုက်ပြီး လုပ်လာကြမယ်ပေါ့နော်။”
တိုင်းနဲ့ ပြည်နယ်အလိုက် ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်ပြီး stay home နေအိမ်မှာပဲ နေကြဖို့ အစိုးရ အမိန့်တွေ ထုတ်ပြန်ထားတဲ့အတွက် ကိုယ့်ရပ်ကိုယ်ဒေသမဟုတ်ပဲ ပိတ်မိနေသူတွေအနေနဲ့ မဲပေးနိုင်ရေး အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီး ပုံစံ(၃) လျှောက်လွှာကို သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် တွေမှာ တင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ကသူရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။
...............
(Unicode)