သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် NLD ကိုယ်စားလှယ်လောင်း ၃ ဦးဖမ်းဆီးထားကြောင်း AA အတည်ပြု


AA တို့ ဖမ်းဆီးထားတဲ့ ရခိုင် NLD ကိုယ်စားလှယ်လောင်း ၃ ဦး ( ဓါတ်ပုံ- AA လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်တဲ့ဓါတ်ပုံ)
AA တို့ ဖမ်းဆီးထားတဲ့ ရခိုင် NLD ကိုယ်စားလှယ်လောင်း ၃ ဦး ( ဓါတ်ပုံ- AA လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်တဲ့ဓါတ်ပုံ)

(Zawgyi/Unicode)

နိုဝင်ဘာလ ရွေးကောက်ပွဲဝင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ၃ဦးကို ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားကြောင်း ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ (AA) က အတည်ပြု ကြေညာခဲ့ပါတယ်။ အမျိုးသား ကိုယ်စားလှယ်လောင်း တစ်ဦးနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂ ဦးကို ၅ ရက်ကြာ ဖမ်းဆီးအထားအပြီးမှာ AA အဖွဲ့က တနင်္လာနေ့က အွန်လိုင်းက တဆင့် သူတို့ တွေရဲ့ ပုံကို NLD ပုံ၊ တံဆိပ်တွေနဲ့ အတူ ထုတ်ပြန် ပြသပြီး အတည် ပြုလိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ပတ်သာ လိုတော့တဲ့အချိန်မှာ AA အဖွဲ့ ရဲ့ လက်နက်ကိုင်တွေက တိုက်ပွဲတွေနဲ့ ကင်းလွတ်လေ့ရှိတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့မှာ ပြုလုပ်နေတဲ့ NLD ပါတီရဲ့ မဲဆွယ်ပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က သွားရောက်ပြီး ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးလိုက်တာပါ။

ဖမ်းဆီးချိန်အတွင်း မျက်မြင်သက်သေတစ်ဦးလည်းဖြစ်၊ NLD ပါတီကို ထောက်ခံသူလည်း ဖြစ်တဲ့ သန့်ဇင်ဖြိုးက သူနဲ့အတူ အမျိုးသား အမျိုးသမီး ၁၀ ယောက်လောက်ကို AA က ရိုက်နှက်ပြီး သစ္စာဖောက်တွေ အဖြစ် ခေါ်ဝေါ်ပြီးတဲ့နောက် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း AFP သတင်းကို ပြောပါတယ်။

AA လက်နက်ကိုင်တပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ငြိမ်းချမ်းရေး တောင်းဆိုတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အစိုးရက ပြန်လွှတ်ပေးမယ်ဆိုရင် သူတို့ ဖမ်းဆီးထားတဲ့ကိုယ်စားလှယ်လောင်း တွေကို ပြန်လွှတ်ပေးမယ် လို့လည်း ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ထားတယ်လို့လည်း အန်အယ်ဒီ ပါတီကို စွပ်စွဲလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးမျိုးညွန့်ကတော့ ပျောက်ဆုံးနေတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် အလွန် စိုးရိမ်မိတယ်လို့ AFP သတင်းကို ပြောပါတယ်။

ရန်ကုန်မြို့က အမေရိကန် သံရုံးကလည်း ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးတဲ့အတွက် စိုးရိမ်မိကြောင်းနဲ့ ရွေးကောက်ပွဲကာလမှာ ကိုယ်စားလှယ်အားလုံး ဘေးကင်းစွာနဲ့ မဲဆွယ်နိုင်သင့်တယ်လို့ ပြောပါတယ်။ ပြင်သစ် သံရုံးကတော့ အခုလို ဖမ်းဆီးထိမ်းသိမ်းတာကို ပြစ်တင် ရှုတ်ချလိုက်ပြီး ကိုယ်စားလှယ် ၃ ဦးကို ဘေးကင်း လုံခြုံစွာ ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

AA အဖွဲ့က ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရရှိရေး တောင်းဆိုပြီး မြန်မာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ ၂ နှစ်ကျော် ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ ကြောင့် လူတွေ ရာနဲ့ချီ သေဆုံး ဒဏ်ရာရရှိနေသလို လူပေါင်း ၂၀၀,၀၀၀ ကျော်လည်း အိုးအိမ် စွန့်ခွာ ထွက်ပြေး ကြရပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)








XS
SM
MD
LG