သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ


တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) (ဓာတ်ပုံ - Win Zaw)
တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) (ဓာတ်ပုံ - Win Zaw)
တိုက်ရိုက် လင့်ခ်

အခုကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ (၉) မြို့နယ် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လဲ ဒီမြို့နယ်တွေ ပြန်ပြီးတော့ ကျင်းပနိုင်ဖို့အတွက်ဆိုပြီးတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကမ်းလှမ်းလိုက်သလိုပဲ၊ တပ်မတော်ဘက်ကလည်း ဒီအပေါ်မှာ အပြုသဘောတုံ့ပြန်တာတွေ ရှိလာပါတယ်။ ဒါကြောင့်မို့ ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်မယ့် မျှော်လင့်ချက် ဖြစ်လာပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ မြောက်ဦးမြို့နယ်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဦးလှစော ကို ကိုသားညွှန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မကြာသေးခင်က AA လက်နက်ကိုင်အဖွဲ့ကနေ ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ပြန်လုပ်နိုင်ဖို့ ထုတ်ပါတယ်။ ဒီအပေါ်မှာ တပ်မတော်ဘက်က ကြိုဆိုတယ်ဆိုတဲ့ လက္ခဏာ၊ အရိပ်အရောင်လည်း ပြပါတယ်။ ကြေညာချက် ပြန်ထုတ်ပါတယ်။ ဆိုတော့ ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲပြန်လုပ်နိုင်ခြေနဲ့ ပတ်သက်ပြီးတော့ ဦးဦးလှစောအမြင် ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲမဖြစ်တဲ့အတွက် ကျနော်တို့ ရခိုင်ပါတီတွေ၊ ရခိုင်ပြည်သူတွေကတော့ စိတ်မကောင်းဘူးပေါ့။ အဲဒီတော့ ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့သဘောမျိုးတွေ ပြောကြတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေပြောတယ်။ ဘာမှ မထိရောက်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီရခိုင်ပြည်သူတွေရဲ့ အသံကို ထင်ဟပ်ပြီးတော့ AA ကလည်း သူတို့ရဲ့သဘောထားကို ပြောလာတယ်။ ရွေးကောက်ပွဲဖြစ်စေချင်တဲ့သဘောထား၊ ပူးပေါင်းဆောင်ရွက်ချင်တဲ့ သဘောထား ပြောလာတယ်။ ပိုပြီးဝမ်းသာစရာကောင်းတာက တပ်မတော်ဘက်ကလည်း အဲဒါနဲ့ လိုက်လျောထွေညီပြီး အပြုသဘောနဲ့ ကြိုဆိုတယ်။ အဲဒီတော့ ဘာပဲပြောပြော AA နဲ့ တပ်မတော်ကြားထဲမှာ တခြားဟာတွေထားလိုက်တော့ လိုက်ငင်းမှာတော့ ဒါက ဝမ်းသာစရာကောင်းတဲ့ သတင်းပါ။ အဲဒီတော့ ရွေးကောက်ပွဲကိုလုပ်ဖို့ နှစ်ဘက်ဆန္ဒ ရှိတယ်ဆိုတော့ အဆုံးအဖြတ်ပေးရမှာက ရွေးကောက်ပွဲကော်မရှင် ဖြစ်တယ်။ အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပြောတဲ့အခါကြတော့ ရွေးကောက်ပွဲကော်မရှင်က ရခိုင်မှာလုပ်မယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကြေညာချက်တွေရဲ့ သဘောအတိုင်းဆိုရင်တော့ ဒီဇင်ဘာ (၃၁) ရက်နေ့မတိုင်ခင် ဒီရွေးကောက်ပွဲကို လုပ်ရမယ်။ ဒါပေမဲ့ နားလည်မှုလွဲတာကတော့ ဒါဟာ ကြားဖြတ်မဟုတ်ဘူး။
(၃၁) ရက်နေ့မတိုင်မီ Cancel လုပ်ထားတဲ့ဟာတွေကို အချိန်မီပြန်လုပ်ဖို့ဆိုတာ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကတော့ လုပ်စေချင်ပါတယ်။ အတတ်နိုင်ဆုံး လုပ်စေချင်ပါတယ်။ ရခိုင်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း အသင့်အနေအထားရှိတယ်လို့ ကျနော်တို့ကြားတယ်။ ဘာမှအခက်အခဲ မရှိဘူး။ ရခိုင်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ရွေးကောက်ပွဲဖြစ်ဖို့ အသင့်ပဲ။ ရခိုင်နိုင်ငံရေးပါတီတွေကလည်း ဒီလိုဖြစ်မယ်ဆိုရင်တော့ သူတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာမယ့် အခင်းအကျင်းကတော့ အသင့်ပါပဲ။ အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်ရဲ့ fixed date နေ့ရက်တစ်ခု သတ်မှတ်တာကိုပဲ ကျနော်တို့ မျှော်လင့်ပြီးတော့ စောင့်နေကြပါတယ်။

မေး ။ ။ ကျနော်တို့ လေ့လာကြည့်ရသလောက်လဲ ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲကို နောက်ဆက်တွဲအနေနဲ့ ကျင်းပရမယ့်သဘောမျိုး၊ ကျင်းပလို့ရနိုင်တဲ့ အနေအထားမျိုးလည်း တွေ့ရပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင်လဲ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်နိုင်ငံရေးပါတီတွေမှာလည်း ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးသာ၊ NLD မှာလည်း ရွေးချယ်ပြီးသာ ဖြစ်နေတော့ အခြားအခက်အခဲမျိုးတွေ ကြုံရနိုင်လား။ မြန်မြန်ဆန်ဆန် ဒီဇင်ဘာထဲမှာ ကျင်းပနိုင်ဖို့ဆိုရင် ဦးဦးလှစော ဘာတွေအခက်အခဲတွေ ရှိနိုင်ပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ ထွေထွေထူးထူး အခက်အခဲ မရှိပါဘူးလို့ ထင်ပါတယ်။ ပထမဆုံး ရွေးကောက်ပွဲ မကျင်းပရတဲ့ အကြောင်းရင်းကလဲ လုံခြုံရေးပြဿနာကြောင့်။ နှစ်ဘက်ဆိုင်ရာ တိုက်ပွဲတွေ ဖြစ်ကြတာလည်း ရှိတယ်။ နှစ်ဘက်အငြင်းပွားစရာ - သူပြောကိုယ်ပြောတာတွေ ရှိခဲ့တယ်။ အခုကြတော့ အဲဒီအငြင်းပွားစရာ နှစ်ဘက်ကလဲ ပူးပေါင်းပါဝင်မယ်လို့ ပြောနေပြီ။ လူထုကလည်း အသင့်ရှိနေတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ရှိတယ်။ ရခိုင်မှာ ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် အခုလောလောဆယ် နားနားနေနေ ဖြစ်နေတဲ့ ဝန်ထမ်းတွေကလည်း တတ်နိုင်သမျှ ကူညီမယ်ဆိုတော့ ရွေးကောက်ပွဲ မလုပ်စရာအကြောင်း မရှိဘူး။ လုပ်ရင်လဲ အဆင်ပြေမယ်။

တစ်ခုဆက်ပြောချင်တာကတော့ ဒီရွေးကောက်ပွဲသာ ဖြစ်ခဲ့မယ်ဆိုရင် ကျနော်က ဖြစ်လည်းဖြစ်စေချင်တာ။ ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ အမြဲတမ်းမျှော်လင့်တောင်းတနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ - အဲဒီလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ယုံကြည်မှုတည်ဆောက်တာ။ တပ်မတော်နဲ့ AA ကြားထဲမှာ ယုံကြည်မှု နားလည်မှု တစ်ခုရသွားပြီဆိုရင် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်ဆွေးနွေးမှုတွေ ပေါ်လာနိုင်တယ်။ ဒီကိုဦးတည်ပြီးတော့ bilateral agreement တွေ ပေါ်လာနိုင်တယ်။ ဒီဟာက အင်မတန်ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါ ဖြစ်တယ်။ ဒါက ကျနော်တို့ အမြဲတမ်းမျှော်လင့်နေတဲ့။ နောက် ပင်လုံညီလာခံမျိုးမှာ AA ပါဝင်နိုင်မယ်။ မြောက်ပိုင်းမဟာမိတ်တွေအဆုံး ပါလာမယ်ဆိုတာကို ဦးတည်သွားနိုင်စေတဲ့ အခင်းအကျင်းလေးတစ်ခုဟာ စနေပြီလို့တော့ ကျနော်တို့ ခံစားရတယ်။ ဒီအခင်းအကျင်းလေးကို ကျနော်တို့က မပျက်စေချင်ဘူး။ အဲဒီတော့ အခက်အခဲမျိုးစုံ ကြုံရမယ်ဆိုရင်လဲ၊ ကြုံတဲ့အခက်အခဲတွေက ဖြေရှင်းနိုင်တဲ့၊ ကျော်လွှာနိုင်တဲ့ အခက်အခဲတွေလိုပဲ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မြန်မြန်ဆုံးဖြတ်လိုက်ရင် ကျနော်တို့လည်း မြန်မြန်အကောင်အထည်ဖော်နိုင်လို့ရတယ်။ တိုင်းပြည်အတွက်လည်း ကောင်းပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကောင်းချီးပေးကြမယ်လို့ ကျနော် အဲဒီလိုပဲ ယုံကြည်ပါတယ်။

မေး ။ ။ အခုနက ဦးဦးလှစော ပြောသွားတဲ့အထဲမှာ ပါပါတယ်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စ။ အခုဟာက ရွေးကောက်ပွဲနဲ့ တနွယ်ငင်တစင်ပါ ဆိုသလိုပဲ - ငြိမ်းချမ်းရေးကိစ္စပါ လမ်းစပွင့်လာသလို ဖြစ်လာတယ်။ ဆိုလိုတာက AA ဘက်ကနေ အခုလို ကမ်းလှမ်းတယ်။ တပ်မတော်ဘက်ကလည်း ကမ်းလှမ်းတယ်။ အခုလိုမျိုး တိုက်ပွဲတွေ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ကြားထဲကနေ ရုတ်ချည်းသဘောထားတွေ ဘာကြောင့်ပြောင်းသွားတာလဲ။ ဦးလှစော ဘယ်လိုများ ထင်ပါသလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့က အထင်ပဲ ရှိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကတော့ နှစ်ဘက်စလုံးက စစ်ပွဲအပေါ်မှာ သူတို့စစ်သားတွေက သုံးသပ်လာတယ်။ နိုင်ငံတကာအချင်းချင်း သုံးသပ်လာတယ်။ ပြည်တွင်းပြဿနာတွေကို အချင်းချင်းသုံးသပ်လာတယ်။ နောက်တစ်ခုကလဲ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အစိုးရသစ်ပေါ်မှာ တစ်ခုခုမျှော်လင့်တယ်။ မျှော်လင့်မှုတစ်ခု ရှိလာတဲ့အတွက်ကြောင့် အယူအဆတွေ ပြောင်းလာတယ်လို့ ထင်တယ်။ ဘာပဲပြောပြော ဘယ်လိုပဲအယူအဆရှိရှိ ဒါဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်။ ပြည်သူအတွက် အကျိုးရှိတယ်။ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်း ဘယ်သူမှ ဒါကို မကောင်းဘူးလို့ ပြောမှာမဟုတ်ဘူး။ တကယ်ကောင်းစေချင်တဲ့ လုပ်ရပ်တစ်ခုဆိုရင်တော့ ဘယ်လိုပဲ နောက်ခံရှိတယ်ဆိုတာကို နောက်သမိုင်းအရ နောက်ခံစဉ်းစားပေါ့။ အခုကတော့ ကြိုဆိုရမှာပဲ။

မေး ။ ။ ဒီအချိန်ကာလမှာပဲ ထူးထူးခြားခြား NLD ပါတီဘက်ကလည်း ကြေညာချက်တစ်ရပ် ထုတ်ပါတယ်။ အဓိက တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို လက်ကမ်းတဲ့ ကြေညာချက်သဘောမျိုး ပြောရမှာပေါ့။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကြေညာချက်ထွက်လာပါတယ်။ အဲဒီတော့ ဒီကြေညာချက်နဲ့ ပတ်သက်လို့ကော ဦးဦးလှစော ဘယ်လိုများ မြင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ကလည်း ဒီကြေညာချက်ကို အပြုသဘောဆောင်တယ်လို့တော့ မြင်ပါတယ်။ အသေးစိတ်အချက်အလက်၊ action တွေကတော့ မပါဘူးပေါ့။ AA က ထုတ်တဲ့ statement, တပ်မတော်ကထုတ်တဲ့ ကြေညာချက်ကတော့ action တွေပါတယ်။ action ဆိုတာကတော့ ရွေးကောက်ပွဲကို အလုပ်တစ်ခုလုပ်မယ်။ ရွေးကောက်ပွဲဆိုတဲ့ လုပ်ရပ်တစ်ခုကို အစပြုမယ်။ လောလောဆယ် လုံခြုံရေးကို တာဝန်ယူပေးကြမယ် ဆိုကတည်းက ပစ်တာခတ်တာတွေ မလုပ်ကြတော့ဘူး။ သေနတ်ဖောက်သံတွေ မရှိကြတော့ဘူး။ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတဲ့ လက်တွေ့ action တစ်ခု ပါလာတယ်။ အဲဒီ action လုပ်ရပ်ကနေ ကျနော်ပြောသလို ရှေ့ကိုသွားပြီးတော့ နောက်ထပ် ကောင်းတဲ့ဘက်ကို ဦးတည်သွားနိုင်တယ်။ အဲဒီတော့ NLD က ထုတ်ပြန်တဲ့ ကြေညာချက်ကလဲ သူတို့ရဲ့ သဘောထားကို ရိုးရိုးသားသား တင်ပြတယ်လို့ပဲ ကျနော် မှတ်ယူပါတယ်။ ဒါက ပြောင်းလဲလာတဲ့ အခြေအနေတစ်ရပ်ပေါ်မှာ။ ဒါပေမဲ့ action ကတော့ မပါသေးဘူး။ အဲဒီတော့ ကျနော်တို့က NLD ကို ကျနော်တို့ မေတ္တာရပ်ခံချင်တာကတော့ action လေးတွေ ဘယ်လိုဘယ်လို ဆွေးနွေးမယ်။ ဘယ်လိုမူတွေကို လုပ်မယ်။ ဘယ်လိုပူးပေါင်းလုပ်ဆောင်မလဲ။ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မလား။ လွှတ်တော်ထဲမှာ ပူးပေါင်းဆောင်ရွက်မလား။ အစိုးရအဖွဲ့ထဲမှာ ပူးပေါင်းဆောင်ရွက်မလား ဆိုတာတွေကိုတော့ အသေးစိတ်လုပ်ရအုံးပါမယ်။ အဲဒီတော့ ကျနော်ကတော့ NLD ကြေညာချက်ကို ကြိုဆိုတယ်။ ဒါပေမဲ့ ဒီထက်လက်တွေ့သဘောပါတဲ့ လုပ်ရပ်လေးတွေကိုတော့ NLD က နောက်တစ်ဆင့် ချပြဖို့ လိုတယ်လို့တော့ မြင်ပါတယ်။

မေး ။ ။ အခု ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ဖြစ်နိုင်ချေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲလုပ်ဖို့ကိစ္စက တကယ်တမ်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ရမှာပေါ့။ ဒါပေမဲ့ ကျနော် တစ်ခုမေးချင်တာက အာဏာရပါတီ NLD ရဲ့ သဘောထားပေါ့။ ပြောရမယ်ဆိုရင်တော့ တကယ်တမ်း ရခိုင်ပြည်နယ်အတွင်းမှာ အခု ရွေးကောက်ပွဲတွေ ပြန်လုပ်မယ့်နေရာတွေမှာ ယှဉ်ပြိုင်မယ်ဆိုရင် အဓိက ပြိုင်ဘက်က ရခိုင်အမျိုးသားပါတီလို့ မြင်နိုင်ပါတယ်။ အဲဒီတော့ ပါတီချင်းသဘောထားက NLD ပါတီရဲ့ သဘောထား၊ ရခိုင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထား ဘယ်လိုများ တီးခေါက်မိပါသလဲ။ ဦးဦးလှစော ဘယ်လိုများ မြင်မိပါသလဲ။

ဖြေ ။ ။ ကျနော်သာ NLD ဆိုရင်တော့ ဘာမှခံစားရမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ နိုင်ချင်နိုင်၊ ရှုံးချင်ရှုံးမှာပေါ့။ နှိုင်းယှဉ်မှုအရတော့ ဒီနေရာတွေက ရခိုင်အမျိုးသားပါတီရဲ့ အဓိက stronghold နေရာတွေ ဖြစ်တော့ NLD အနေနဲ့ အနိုင်ရဖို့ဆိုတာတော့ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ တပြည်လုံးအတိုင်းအတာနဲ့ ပြည်ထောင်စုလွှတ်တော် အခင်းအကျင်းမှာနဲ့ ပြည်နယ်လွှတ်တော်အခင်းအကျင်းတွေမှာ NLD ဟာ တပြည်လုံးအတိုင်းအတာနဲ့ လူထုထောက်ခံမှုကို ရထားပြီ။ ဒီမိုကရေစီ ရွေးကောက်ပွဲမှာလဲ သူတို့ဟာ တော်တော်များများကို ကျေနပ်လောက်တဲ့ အောင်မြင်မှုကို ရထားပြီဆိုရင် နောက်လာမယ့် ရခိုင်ရွေးကောက်ပွဲကို သူတို့သဘော ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ ရှုံးဖို့သေချာရင်လဲ ဘာမှမဖြစ်ဘူး။ အဲဒီပွဲကို လုပ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ ဂုဏ်သိက္ခာက ပိုပြီးတော့ မြင့်လာစရာပဲ ရှိတယ်။ ရှုံးတဲ့အတွက်လည်း ရှက်စရာ မရှိပါဘူး။ အဲဒီလို လုပ်ဖြစ်တယ်ဆိုရင် ရခိုင်မှာရှိတဲ့ AA နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေ ငြိမ်သွားပြီဆိုရင် ပြည်နယ်အစိုးရကို အကုန်လုံးပူးပေါင်းညှိနှိုင်းပြီးတော့ တည်တည်ငြိမ်ငြိမ် တည်ဆောက်မယ်ဆိုရင် ရခိုင်ပြဿနာဟာ တစုံတရာလေး လမ်းစပေါ်လာမယ်။ ဘာဖြစ်လို့လဲဆိုရင် ရခိုင်ဧရိယာဟာ အကုန်လုံး သိတဲ့အတိုင်း ပထဝီနိုင်ငံရေးနဲ့ နိုင်ငံတကာအရေးတွေနဲ့ ဆက်စပ်ပြီးတော့ အင်မတန် စိုးရိမ်စရာ ကြောက်စရာကောင်းတဲ့ နယ်မြေတစ်ခု ဖြစ်နေတယ်။ အဲဒီတော့ ဒီဟာကို ဖြေရှင်းဖို့အတွက်လဲ NLD အတွက် အများကြီးအလားအလာကောင်းနေတယ်။

အဲဒီတော့ ဒီဟာလေးကို နိုင်ငံရေးအရ မိမိရရ မဆုပ်ကိုင်တတ်ရင်တော့ NLD အတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ ရခိုင်အတွက်လည်း မကောင်းဘူး။ ဘယ်သူ့အတွက်မှလည်း မကောင်းပါဘူး။

မေး ။ ။ အခုလက်တလော အနေအထားကြီးက ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ထဲမှာ အသာရနေတာ ကျနော်တို့ သိထားသလောက် ရခိုင်အမျိုးသားပါတီလို့ ထင်ပါတယ်။ ဘယ်လို အခြေအနေ ရှိပါသလဲ။ နောက်ဆုံးရလဒ်က။

ဖြေ ။ ။ အခုနောက်ဆုံး ရလဒ်ကတော့ ရခိုင်အမျိုးသားပါတီပဲ နေရာတော်တော်များများမှာ နိုင်ပါတယ်။ အဲဒီတော့ ကျနော်တို့ NLD ရဲ့ stronghold လို့ ပြောနိုင်တဲ့ NLD အရင်တုန်းက အခိုင်အမာနိုင်ခဲ့တဲ့ မာန်အောင်လို့မြို့တွေ၊ တောင်ကုတ်လို့မြို့မှာလည်း ရခိုင်ပါတီကပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ NLD ကလည်း သူ့နေရာတွေဖြစ်တဲ့ သံတွဲ၊ ဂွတို့မှာလည်း သူတို့ရဲ့ သြဇာအာဏာ နိုင်ငံရေးအားဖြင့် စည်းရုံးထားနိုင်တဲ့ အနေအထားတစ်ခု ရှိတယ်ဆိုတော့ အခင်းအကျင်းက အဲဒီလိုရှိတယ်။

မေး ။ ။ ရခိုင်ပြည်နယ်ထဲ လွှတ်တော်အခြေအနေက အခု ရထားတဲ့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အနေအထားနဲ့ လွှတ်တော်ခေါ်ယူနိုင်တဲ့ အနေအထား ရှိပါသလား။ ပြည်နယ်လွှတ်တော်ကို ပြောတာပါ။

ဖြေ ။ ။ အခု အနေအထားကတော့ အခက်အခဲ ရှိတယ်။ အခက်အခဲ ရှိတယ်ဆိုတာက ပြည်နယ်လွှတ်တော်မှာ အရင်တုန်းက (၄၇) ယောက် ရှိတယ်။ ရွေးကောက်ခံက (၃၄) ယောက်၊ တပ်မတော်ကိုယ်စားလှယ်က (၁၂) ယောက်၊ ချင်းဝန်ကြီးက (၁) ယောက်ဆိုတော့ စုစုပေါင်း (၄၇) ယောက်ပဲ ရှိတယ်။ အခုဟာက ရွေးကောက်ခံကိုယ်စားလှယ်က (၁၅) ယောက်၊ တပ်မတော်က (၅) ယောက်ဆိုတော့ (၂၀)၊ ချင်းဝန်ကြီး (၁) ယောက်ဆိုတော့ စုစုပေါင်း (၂၁) ယောက်။ ကျနော်တို့ ရှိသင့်ရှိထိုက်တဲ့ (၄၆) ယောက်ထဲမှာ (၂၀) ပဲ ရှိတယ်ဆိုတော့ under 50 ဆိုတော့ လုပ်ရင်တော့ ဖြစ်တာပေါ့။ ဒါပေမဲ့ democratically democracy အရဆိုရင်တော့ သိပ်အားရစရာတော့ မကောင်းဘူး။ အဲဒီတော့ ဒီလူလောက်နဲ့ လွှတ်တော်တစ်ရပ်ကို စီမံဆောင်ရွက်မယ်။ Cabinet တစ်ခုကို စီမံအုပ်ချုပ်မယ်ဆိုတာကတော့ သိပ်သဘာဝမကျဘူးလို့ မြင်တယ်။ အဲဒီတော့ ကျနော်တို့ ဘယ်လိုမှကို ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်တစ်ခု၊ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်တော့ ဖြစ်လာနိုင်မယ်လို့တော့ မမြင်ပါဘူး။

ကိုသားညွှန့်ဦး ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ဦးဦးလှစောကို ကျေးဇူးအများကြီးတင်ပါတယ်။


==Unicode==





















XS
SM
MD
LG