သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမှုတွေတိုးမြှင့်


ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမှုတွေတိုးမြှင့်
(ဓါတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်)
ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမှုတွေတိုးမြှင့် (ဓါတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်)

(Zawgyi/Unicode)

မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လာတဲ့ ထိုင်းနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့တာကြောင့် နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားချိန်မှာပဲ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ထပ်မံဖမ်းဆီးမိတဲ့ သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ တာချီလိတ်မြို့က ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ပြီး ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာရာက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဖမ်းဆီးမိသူ ထိုင်းနိုင်ငံသူ အမျိုးသမီး ၃ ယောက်မှာ ကိုဗစ်ရောဂါပိုး ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နယ်စပ်ဒေသမှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဖမ်းဆီးမိသူတွေထဲက အသက် ၂၆ နှစ်နဲ့ ၂၃ နှစ်အရွယ် အမျိုးသမီး ၂ ဦးကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးကတော့ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့တာလို့လည်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ရာမှာ လူမှောင်ခိုတွေရဲ့ အကူအညီကို ရယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိထားတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုရဲမင်းက ပြောပါတယ်။

“ဒီရက်ပိုင်းမှာပဲအသက် ၂၉ နှစ်အရွယ်ထိုင်းအမျိုးသမီးတဦးက ထိုင်းနိုင်ငံချင်းမိုင်က နကော်ပင်ဆေးရုံကိုတက်နေရတယ်။ သူက ကိုဗစ်ဖြစ်ပြီးဆေးရုံတက်နေရတာ သူနောက်ကြောင်းတွေကိုပြန်လိုက်တော့ သူကမြန်မာနိုင်ငံမှာ အလုပ်လုပ်ပြီး ထိုင်းဘက်ကို ခိုးပြီးပြန်ဝင်တဲ့အတွက် သူသွားခဲ့တဲ့ ကုန်တိုက်တွေ၊ နိုက်ကလပ်တွေ စတဲ့ သူနဲ့ဆက်သွယ်သူတွေအားလုံး စစ်ဆေးခံနေရတယ်။ ပေါ့စတစ်တွေလည်း ထွက်ကောင်းထွက်လာနိုင်သေးတယ်။ သူကူးစက်မူက မြန်မာဘက်ကပဲ ကူးစက်လာတယ်လို့ သုံးသပ်ကြတယ်။ သူကိုလိုက်တော့ မြန်မာဘက်ကခိုးဝင်လာတာကိုတွေ့ရပါတယ်။ ချင်းရိုင်ခရိုင်မဲဆိုင်မှာပဲ မြန်မာနိုင်ငံထဲက လူမှောင်ခိုကူးနေတဲ့ သံသယတရားခံလူမှောင်ခိုလူပွဲစား ၃ဦးဖမ်းမိတယ်။အမျိုးသမီး တဦး၊ အမျိုးသား ၂ဦးဖမ်းခံရတယ်။ လူမှောင်ခိုကူးသူကို ဖမ်းလိုက်တာ။”

ဒီကနေ့ မနက်မှာပဲ မဲဆိုင်တာချီလိပ်နယ်စပ်လမ်းကနေ တရားမဝင် ခိုးဝင်လာသူထိုင်းနိုင်ငံသား ၁၂ဦးကိုလည်း ထပ်မံ ဖမ်းမိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တာ့ခရိုင်မဲဆောက်မှာလည်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူ မြန်မာနိုင်ငံသား ၁၁ဦးနဲ့ လူပွဲစားတဦးကိုလည်း မနေ့တုန်းကပဲ ဖမ်းဆီးလိုက်ကြောင်း ကိုရဲမင်းက ပြောပြပါတယ်။

“အခု ၂၉ရက်နေ့ကပဲ မနက်စောစော ထိုင်း-မြန်မာနယ်စပ်သစ်တောထဲမှာ ဖမ်းမိတာ။ မြန်မာဘက်က ခိုးဝင်လာသူမြန်မာ ၁၁ဦးနဲ့ လူပွဲစားတဦးကိုလည်းဖမ်းမိပါတယ်။”

ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူတွေကိုတော့ ကပ်ရောဂါကာလ အရေးပေါ်ဥပဒေ ချိုးဖောက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့ အရေးယူမှာ ဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄ ထောင်နီးပါး ရှိနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂ ထောင်လောက်နဲ့ ကူးစက်သူ ၇ သောင်းလောက် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ် ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)








XS
SM
MD
LG