သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရနဲ့ မပူးပေါင်းရေး ဆန့်ကျင်လှုပ်ရှားမှုအရှိန် မြင့်လာ


စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျန်းမာရေးဝန်ထမ်းများကို မန္တလေးမြို့ ကိုဗစ်စင်တာ တခုမှာတွေ့ရ။ (ဓာတ်ပုံ - PROF CHO MAR LWIN - ဖေဖော်ဝါရီ ၀၃၊ ၂၀၂၁)
စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျန်းမာရေးဝန်ထမ်းများကို မန္တလေးမြို့ ကိုဗစ်စင်တာ တခုမှာတွေ့ရ။ (ဓာတ်ပုံ - PROF CHO MAR LWIN - ဖေဖော်ဝါရီ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းအုပ်ချုပ်တာကို ဆန့်ကျင်လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ အစိုးရဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေက စစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား ရပ်တန့်သွားစေဖို့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကန့်ကွက်ဆန္ဒပြဖို့လည်း လှုံ့ဆော်နေကြတာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျန်းမာရေးဝန်ထမ်းများကို မန္တလေးမြို့ရှိ ဆေးရုံ တခုမှာတွေ့ရ။ (ဓာတ်ပုံ - PROF CHO MAR LWIN - ဖေဖော်ဝါရီ ၀၃၊ ၂၀၂၁)
စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျန်းမာရေးဝန်ထမ်းများကို မန္တလေးမြို့ရှိ ဆေးရုံ တခုမှာတွေ့ရ။ (ဓာတ်ပုံ - PROF CHO MAR LWIN - ဖေဖော်ဝါရီ ၀၃၊ ၂၀၂၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက် ဆန္ဒပြကြတဲ့ အနေနဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားစေဖို့ အစိုးရဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန္ဒပြတာ၊ ကျန်းမာရေးဝန်ထမ်းတွေ ဖဲကြိုးနီဝတ်ဆင်တာစတဲ့ လှုပ်ရှားမှုတွေကို လုပ်လာနေကြပါတယ်။ စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ဘဲ ဆန္ဒပြတာတွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့က စလုပ်ကြဖို့လည်း လူမှုကွန်ရက်တွေကနေ တိုက်တွန်းထားကြတာပါ။

အစိုးရဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန္ဒပြကြတဲ့ လှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ခဲ့ရာမှာ အခုဆိုရင် နိုင်ငံအဝန်းက ကျန်းမာရေးဌာနပေါင်း ၁၀၀ ကျော်နဲ့ တခြားအစိုးရဌာနတွေလည်း ပူးပေါင်းပါဝင်လာကြောင်း ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါက်တာ ဟိန်းဝင့်ဝါက ပြောပါတယ်။

“ကျနော်တို့ အခု မနေ့ကနေ စတယ်။ အခုအချိန်မှာ ဆေးရုံပေါင်း ၁၀၀ ကျော်အထိပါလာပြီ။ ကျန်းမာရေးဝန်ထမ်းတွေ ပါတယ်။ နောက်တစ်ခါ ကျန်းမာရေးဝန်ထမ်း မဟုတ်တဲ့ အခြားဝန်ထမ်းတွေလည်း ပါဝင်လာတာ ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ ဒီလှုပ်ရှားမှုက တဖြည်းဖြည်း မြင့်တက်လာပြီးတော့ တခြားပြည်သူတွေ၊ တခြား အရပ်ဘက် အဖွဲ့အစည်းတွေ၊ သမဂ္ဂ တို့ ပူးပေါင်းလာမယ်ဆိုရင်တော့ ကျနော်တို့ ရည်မှန်းထားတဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နိုင် မယ်ဆိုတဲ့ အထိတော့ ရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ လိုချင်တာကတော့ ပြည်သူတွေထောက်ခံပြီး ဆန္ဒမဲပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာပြန်အပ်ဖို့ပါပဲ။ ဒါကတော့ ကျနော်တို့ မျှော်လင့်ထားတဲ့ ကောင်းကျိုးဖြစ်ပါတယ်။ ဆိုးကျိုးအနေနဲ့က အမျိုးမျိုးရှိ လာနိုင်တယ်ပေါ့လေ။ ပထမဆုံးကတော့ ကျနော်တို့ လှုပ်ရှားတဲ့ ဆရာဝန်တွေအပေါ်မှာ သက်ရောက်မှု အနေနဲ့ကတော့ အရေးယူတာတို့၊ ဆ/မ သိမ်းတာတို့ ဒါတွေကလည်း မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးပေါ့နော်။ စစ်အာဏာရှင် အစိုးဆိုတာကတော့ ဘယ်လို အရေးယူမှုမျိုးကိုမဆို လုပ်လာ နိုင်တာပေါ့။ ဒါတွေကိုလည် ကျနော်တို့ ကြိုတွေးပြီးတော့ သမိုင်းမှာဆိုရင် အသက်တောင်ရင်းပြီး ပေးခဲ့တဲ့ သူတွေရှိတာပဲ။ ကျနော်တို့က ဒီ ရာထူးနဲ့ ဆ/မ လောက်ကို ဘာလိုမရင်းရဲရမှာလဲ။”

ကျန်းမာရေးဝန်ထမ်းတွေက အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်လက် မထမ်းဆောင်ပဲ ဆန္ဒပြတဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးတိုင်ပင်တာ၊ စမ်းသပ်ခ အခမဲ့နဲ့ ဆေးခန်းတွေမှာ ကုသမှုပေးတာမျိုးတွေ လက်ရှိဆောင်ရွက်ပေးတာမျိုးတွေ ရှိနေတယ်လို့ ဒေါက်တာ ဟိန်းဝင့်ဝါက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေးစနစ်မှာ ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်ကြတဲ့အထဲမှာ အလုပ်သမားရေး လှုပ်ရှားသူတွေလည်း ပါဝင်လာပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကလည်း နောက်ကြောင်းပြန် အာဏာသိမ်းယူတဲ့ စစ်အစိုးရလက်အောက်က အစိုးရ အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင် ယန္တရားအားလုံးကနေ နုတ်ထွက်ကြောင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့တာပါ။

စစ်အစိုးရက ခန့်အပ်လိုက်တဲ့ အလုပ်သမားဝန်ကြီးနဲ့ အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းတွေ တွေ့ဆုံဖို့ စီစဉ်ထားတဲ့နေ့မှာပဲ ကန့်ကွက်ကြောင်း ပြသတဲ့အနေနဲ့ ကြေညာလိုက်တာလို့လည်း CTUM အဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“ဒီစစ်အစိုးရအဖွဲ့က ခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်အနေနဲ့ကတော့ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အစည်းအဝေးလုပ်ချင်တယ်လို့ ပြောလာတယ်။ အဲ့ဒီအပေါ်မှာတော့ ကျမတို့က အစကတည်းက ဆန့်ကျင်တယ်လို့ ထုတ်ပြန်ထားတာကြောင့်မို့လို့ ကျမတို့ CTUM ထဲမှာလည်း ဆွေးနွေးပါတယ်။ ဆွေးနွေးတော့ ကျမတို့ ဒီမိုကရေစီ အစိုးရမဟုတ်တဲ့ စစ်အစိုးရနဲ့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကျတယ်။ ကျတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စပြီးတော့ ဒီနေ့ဆွေးနွေးပွဲကနေ စပြီးတော့ ကျမတို့ နုတ်ထွက်လိုက်တယ်ပေါ့။”

အာဏာသိမ်းလိုက်တဲ့ တပ်မတော်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးနဲ့ မနေ့တုန်းကပဲ ဖွဲ့စည်းလိုက်သလို တိုင်းနဲ့ပြည်နယ်မှာလည်း အုပ်ချုပ်ရေးကောင်စီတွေကို ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒီမတိုင်ခင်မှာတုန်းကလည်း အရပ်သားအစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်းလည်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG