သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့မှာပါဝင်ရေးပေါ် နိုင်ငံရေးပါတီတွေ တုံ့ပြန်ပုံကွဲလွဲ


ရန်ကုန်မြို့ နေပြည်တော်ရှိ လမ်းတခုမှာ တွေ့ရတဲ့ စစ်ကားများ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)
ရန်ကုန်မြို့ နေပြည်တော်ရှိ လမ်းတခုမှာ တွေ့ရတဲ့ စစ်ကားများ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

အရပ်သားအစိုးရကို ဖယ်ရှားပြီး တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံခန့်ခွဲမှု ကောင်စီအစိုးရအဖွဲ့မှာ ပါဝင်ဖို့ နိုင်ငံရေးပါတီ တချို့ကို ကမ်းလှမ်းခဲ့ပေမဲ့ လက်ခံသူတွေ ရှိသလို၊ လက်မခံသူတွေလည်း ရှိနေပါတယ်။ တပ်မတော်က ကမ်းလှမ်းချက်အပေါ် နိုင်ငံရေး အင်အားစုတွေကြားမှာလည်း သဘောထားအမြင် ကွဲလွဲမှုတွေ ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံတော်စီမံခန့်ခွဲမှုကောင်စီ ဖွဲ့စည်းလိုက်ပြီးနောက် အစိုးရအဖွဲ့မှာ ပါဝင်ဖို့ တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီတွေကို ကမ်းလှမ်းခဲ့တာပါ။

ဒီလိုကမ်းလှမ်းခံခဲ့ရတဲ့ အထဲက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကတော့ ငြင်းပယ်ခဲ့ကြောင်း ပါတီပြောခွင့်ရသူ ဒေါ်နှင်းနှင်းဖွေးက ပြောပါတယ်။

“မနေ့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံရေးပါတီများဌာနက တာဝန်ရှိသူတွေက ကျမဆီကို ဖုန်းဆက်တယ်ရှင့်။ သူတို့က အစိုးရအဖွဲ့မှာပါဝင်ဖို့ဆိုပြီးတော့ ကျမတို့ ပါတီကနေပြီးတော့ ကိုယ်စားလှယ် တယောက်ပေါ့နော်.... ပေးပါလို့ ပြောတာရှိတယ်။ အဲဒီပေးတဲ့ ကိုယ်စားလှယ်နာမည်နဲ့ ကိုယ်ရေးရာဇဝင်ပေးပါလို့ ပြောတာရှိတယ်။ ကျမတို့ ပါတီကတော့ ဒီကိစ္စမှာ ပူးပါင်းပါဝင်ဆောင်ရွက်ဖို့တော့ သဘောထားမရှိဘူးလို့ အကြောင်းပြန်လိုက်ပါတယ်ရှင့်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့မှာ တာဝန်ယူဖို့ နိုင်ငံရေးပါတီတချို့ကတော့ လက်ခံခဲ့ကြတာပါ။ လူ့ဘောင်သစ်ပါတီ ပြောခွင့်ရ ဒေါ်နှင်းနှင်းဖွေးကတော့ စစ်တပ်ရဲ့ ကမ်းလှမ်းချက်ဟာ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကြား စိတ်ဝမ်းကွဲစေမယ့် လုပ်ရပ်အဖြစ် မြင်ပါတယ်။

“သူတို့က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက်မှာ နိုင်ငံရေးပါတီတွေကို ကမ်းလှမ်းတဲ့ကိစ္စကတော့ သူတို့က ဒီမိုကရေစီအင်အားစုတွေကြားထဲမှာ တစုံတရာ သွေးခွဲတဲ့ပုံစံမျိုးလုပ်ဆောင်တယ်လို့ပဲ ယူဆလို့ရတယ်။”

အစိုးရအဖွဲ့သစ်မှာ တာဝန်ယူဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တဲ့ အထဲမှာ တိုင်းရင်းသား နိုင်ငံရေးတချို့လည်း ပါဝင်ပါတယ်။ အရှိုချင်းအမျိုးသားပါတီဟာလည်း အစိုးရအဖွဲ့မှာ ပူးပေါင်း ပါဝင်ဖို့ စစ်တပ်က ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြောင်း ပါတီ အတွင်းရေးမှူး ဆလိုင်း အောင်မင်းလှိုင်ကပြောပါတယ်။

“UEC ကနေ တဆင့်ပေါ့။ အစိုးရအဖွဲ့တွေမှာ အစိုးရလုပ်ငန်းတွေမှာ ပါဝင်ဖို့ဆိုပြီးတော့ ကျနော်တို့ပါတီရဲ့ ဥက္ကဋ္ဌ ကိုပေါ့လေ။ ဖုန်းဆက်ပြီးတော့ အကြောင်းကြားလာခဲ့တယ်။ အစိုးရအဖွဲ့ရဲ့လုပ်ငန်းတွေမှာ ပါဝင်ဖို့ပေါ့နော်။ ဘယ်နေရာဆိုတာတော့ မပြောပါဘူးခင်ဗျ။ သူတို့ကမ်းလှမ်းတာကို ကျနော်တို့အနေနဲ့ကတော့ အဆင်သင့်မဖြစ်သေးဘူး၊ မလုပ်ဘူးဆိုပြီးတော့ ပြောပြလိုက်ပါတယ်။”

အရှိုချင်းအမျိုးသားပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းစတဲ့ လွှတ်တော် ကိုယ်စားလှယ် ရှစ်နေရာ ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်မရခဲ့ပါဘူး။

တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ KNDP ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ စစ်တပ်က အစိုးရအဖွဲ့မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကပြောပါတယ်။

“ဖိတ်ခေါ်တော့ ကျနော်တို့ ဒီကိစ္စကို အကြေအလည်ဆွေးနွေးနေခဲ့ကြတာပေါ့။ ကျနော်တို့ တယောက်တော့ နာမည် စာရင်းပေးလိုက်တယ်။ ဒါပေမဲ့ ဘာမှမထွက်လာသေးတဲ့အတွက် ကျနော်တို့ အဲဒီတော့ အတိအကျ ပြောလို့ မရသေးဘူး။ အဘက်ဘက်ကို စဉ်းစားပြီးတော့မှ ကျနော်တို့က သဘောတူလိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ ပါတီတာဝန်ကတော့နုတ်ထွက်ရမယ်။ နုတ်ထွက်ဖို့တော့ အဲဒီသဘောညှိနှိုင်းထားကြတာပေါ့လေ။”

ဒါပေမဲ့ အစိုးရအဖွဲ့ထဲပါဝင်မဲ့သူကို ပါတီတာဝန်ကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ပြောပါတယ်။

KNDP ပါတီဟာ ကရင်ပြည်နယ်အခြေစိုက်ပါတီ သုံးခုနဲ့ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီဝင်အချို့ ပေါင်းစည်းတည်ထောင်ထားတဲ့ ပါတီဖြစ်ပြီးတော့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမဲ့ ကရင်ပြည်နယ်မှာ ဒုတိယ မဲအများဆုံးရတဲ့ပါတီလည်း ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ တနေရာ အနိုင်ရခဲ့တဲ့ ကရင်ပြည်သူ့ပါတီကလဲ လက်ရှိ ဥက္ကဋ္ဌ စောထွန်းအောင်မြင့်ဟာ နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီ အစိုးရရဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ထားသလို ကရင်ပြည်သူ့ပါတီဝင် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ဟောင်း မန်းငြိမ်းမောင်ကိုလည်း ဗဟိုအဆင့် နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီအဖွဲ့တွင် ရွေးချယ်ခန့်အပ်ထားပါတယ်။

ANP ရခိုင်အမျိုးသားပါတီက ဒေါ်အေးနုစိန်ဟာလည်း ဗဟိုအဆင့် နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားပါတယ်။

တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ကရင်အမျိုးသားပါတီ KNP ကတော့ စစ်တပ်ကဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့မှာပါဝင်ဖို့ ကြားလူက တဆင့် ကမ်းလှမ်းခဲ့တာကို ငြင်းဆန်ထားပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အာဏာရ NLD ပါတီက ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး လွှတ်တော်သစ် ကျင်းပမယ့် နေ့မှာပဲ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကတော့ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ နိုင်ငံတော် စီမံခန့်ခွဲရေး ကောင်စီကို ဖဲ့ွစည်းခဲ့သလို၊ တိုင်းနဲ့ပြည်နယ် အဆင့်ဆင့် အုပ်ချုပ်မယ့် ကောင်စီတွေကိုလည်း တာဝန်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် တိုင်းရင်းသား နိုင်ငံရေး ပါတီတချို့က ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင် အချိန်အထိ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီကတော့ စစ်တပ်က ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းမယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားနိုင်ငံရေး ပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့က ဒီနေ့ပဲ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး၊ အာဏာသိမ်းတဲ့လုပ်ရပ်ဟာ မဖြစ်သင့်သလို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့လည်း တိုက်တွန်းထားကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရ ဦးသဲရယ်က ပြောပါတယ်။

“ကျနော်တို့ ငါးပြည်နယ် ငါးပါတီကနေ ထုတ်ပြန်တဲ့စာပေါ့နော်။ ကျနော်တို့ တိုင်းရင်းသား တွေ ကလည်း အာဏာရှင်းစနစ်နဲ့ အုပ်ချုပ်နေတာကို လက်မခံဘူးပေါ့နော်... ဒီကိစ္စကို ရှုံ့ချတယ်။ နောက်ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီးတော့မှ ဒီလိုအာဏာသိမ်းတယ်ဆိုတာကတော့ ကောင်းတဲ့ အရာတစ်ခု မဟုတ်ဆိုတာကို ဆိုလိုချင် တာပါ။ နောက်ပြီးတော့ နှစ်ဘက်စလုံးပြေပြေလည်လည် အဖြေရှာကြဖို့လည်း တောင်းဆိုတဲ့ အနေနဲ့ပါ။”

လွှတ်တော်နဲ့ အစိုးရသစ်ဖွဲ့မယ့် အချိန်မှာပဲ တပ်မတော်က အာဏာသိမ်းပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်တဲ့ သဘောထားတွေ ထွက်ပေါ်နေရာမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေလည်း ပါဝင်လာကြတာပါ။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရ ဦးသဲရယ်ကတော့ စစ်တပ်က အာဏာသိမ်းတဲ့ အလေ့အထဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ ပြောပါတယ်။

“အာဏာသိမ်းတယ်ဆိုကတည်းက ကျနော်တို့အနေနဲ့လည်း အစဉ်အဆက် ရှိပြီးသားဖြစ် ပါတယ်။ အပြစ်အနာအဆာလည်း ရှိပြီးသားဖြစ်ပါတယ်ဆိုတော့ အာဏာသိမ်းရတဲ့ လုပ်ရပ်တော့ ဒါဘယ်သူမှ မကြိုက်ဘူးပေါ့နော်။ ကျနော်တို့ပြည်သူတို့လည်း မကြိုက်ဘူး။ ရှင်းရှင်း ပြောရရင် ဒါက တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ လူတွေက မကြိုက်ကြဘူး။ အာဏာသိမ်း တာက တပ်မတော်အတွက်လည်း မကောင်းသလို ပြည်သူလူထုကိုလည်း နစ်နာစေတဲ့ လုပ်ရက်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောရခြင်းဖြစ်ပါတယ်။”

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေကြား စိုးရိမ်မှုတွေနဲ့ ကန့်ကွက်တဲ့ သဘောထားတွေ ထွက်ပေါ်နေသလို တပ်မတော်က အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ အစိုးရနဲ့ ပူးပေါင်းဖို့ လက်ခံသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ကတော့ ရခိုင်လူထု အကျိုးအတွက် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပါတီထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

“NLD ပါတီအနေနဲ့ လွတ်တော်ထဲမှာရော လွတ်တော်ပြင်ပမှာပါ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တာတွေ တအားကိုနည်းတယ်။ မရှိသလောက်လို့ ပြောလို့ ရတယ်။ ပြီးတော့ တပ်မတော်ဘက်ကိုလည်း ကျနော်တို့ အဲဒီလိုပဲ ပြောချင်တယ်။ တပ်မတော်နဲ့၊ AA နဲ့ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ ကျနော်တို့က ဘယ်ဘက်ကိုမှ မပါသင့်ဘူးပေါ့နော်။ ကျနော်တို့ အလိုက်အထိုက် ဆက်ဆံသင့်တယ်။ မိမိတို့ အကျိုးစီးပွားအတွက်ဆိုရင် တပ်မတော်နဲ့လည်း ပေါင်းလို့ရတယ်။ NLD အစိုးရနဲ့လည်း ပေါင်းလို့ရတယ်။ ဒီနေ့တပ်မတော်ဘက်က ကမ်းလှမ်းလာတဲ့ အနေအထားမှာ ကျနော်တို့က ပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ အကြမ်းအားဖြင့် ပြောချင်တယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အရေးယူဖို့အထိ လုပ်လာတဲ့အတွက် ပြည်တွင်း၊ ပြည်ပက ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာနေတာပါ။ မနေ့တုန်းကလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စစ်တပ်က အာဏာသိမ်းထားတာကို စွန့်လွှတ်ဖု့ိနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ တိုက်တွန်းခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
တိုက်ရိုက် လင့်ခ်

[Unicode Version]




























XS
SM
MD
LG