သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ တိုက်ပွဲသစ်တွေကြောင့် စစ်ဘေးရှောင်တွေ ပိုအခက်ကြုံ


မှတ်တမ်းဓါတ်ပုံ - ၂၀၁၂ ဇန်နဝါရီ ၂၁ ရက်က တွေ့ရတဲ့ ကချင် စစ်ရှောင်ပြည်သူများ
မှတ်တမ်းဓါတ်ပုံ - ၂၀၁၂ ဇန်နဝါရီ ၂၁ ရက်က တွေ့ရတဲ့ ကချင် စစ်ရှောင်ပြည်သူများ

(Zawgyi/Unicode)

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း ထပ်မံဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းစစ်ရှောင်ဒုက္ခသည် အရေအတွက် ပိုတိုးလာနေပြီး၊ စားနပ်ရိက္ခာ ဆေးဝါး စတဲ့ အရေးပေါ် အကူအညီ လိုအပ်ချက်တွေ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကချင်ပြည်နယ်တွင်း မြို့ရွာတွေကြားမှာ ကုန်စည်တချို့ကို သယ်ယူ ပို့ဆောင်ခွင့် ပိတ်ပင်ထားတာကြောင့်လည်း အခက်အခဲတွေ ပိုရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းကို တင်ပြပါမယ်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ကြား ဒီလပိုင်းတွေအတွင်း တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေပြီး အထူးသဖြင့် ဗန်းမော် ၊ မန်စီ ၊ မိုးမောက် ၊ အင်ဂျားယမ် ၊ တနိုင်း၊ ဖားကန့် ဒေသတဝိုက်မှာ ဖြစ်ပါတယ်။

ဒီအတောတွင်း မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ တောင်ကုန်းစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုရော ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာတာကြောင့်ပါ ဒေသခံပြည်သူတွေ မိမိတို့အိမ်ယာမှာ မနေရဲတော့ပဲ မြို့နဲ့ မဝေးတဲ့ အရပ်ဒေသကိုပြည်တွင်းစစ်ဘေးရှောင် IDP တွေအဖြစ် တိမ်းရှောင်လာကြတာ ထောင်ဂဏန်းရှိလာပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“ဥပမာ မိုးမောက်မြို့နယ်ပေါ့ ၊ မိုးမောက်မြို့နယ်ဆိုတာ ဗန်းမော်နဲ့ ၉ မိုင်ပဲ ဝေးတယ်။ အဲဒီမှာဆိုရင် အရင်တုန်းကဆိုရင် မိုးမောက်နဲ့ ဗန်းမော်လမ်းက ဘယ်တုန်းကမှ မထိခဲ့တဲ့ ရွာတွေ ဘာဖြစ်လို့လဲဆိုတော့ မြို့နဲ့ ဆက်နေတာကို ဒါပေမယ့် အဲဒီနေရာတွေမှာတော့ မြို့သစ်ဆိုလည်း စစ်တပ်ရှိတယ်။ နွမ်လမ်းဆိုလည်း စစ်တပ်ရှိတယ်။ အဲဒီကုန်းတွေကနေ ပတ်ပတ်လည် ကို ပစ်နေတာ။ ပစ်တဲ့အခါကျတော့ KIA စခန်းရယ်လို့လဲမဟုတ်ဘူး ၊ သူ့ဟာသူ ပစ်ချင်ရာ ပစ်နေတဲ့အခါကျတော့ အဲဒီလူတွေအကုန်လုံးက အိမ်ထိတဲ့လူထိ ၊ ကျွဲထိတဲ့လူထိ အဲဒီအခါကျတော့ သူတို့တွေက ကိုယ့်အိမ်မှာကိုယ် နေလို့မရတဲ့အခါကျတော့ ပြန်ရှောင်ပြေးတာက ဗန်းမော်မြို့ထဲပြေးတာ ၊ အဲဒီအခါကျတော့ ဘုန်းကြီးကျောင်းတွေမှာ မိုးမောက်မြို့မှာ ၊ ပြီးရင်တော့ ဘုရားကျောင်းတွေ Church တို့မှာ အဲလိုအကုန်ရောက်သွားတာ ။ အခုကတော့ အကုန်လုံး ကချင်ရော၊ ရှမ်းရော ၊ ဗမာရောပါသွားတာပေါ့ အားလုံး ဒီတခေါက်တော့။ ပြဿနာက ရွာမှာကို နေလို့မရတာ။ ဟိုမော်တာထိ ကျလိုက်၊ ဒီဘက်က ကျလိုက် အဲလိုမျိုး ဖြစ်နေတော့။”

ဒီလို စစ်ဘေးရှောင်ပြည်သူ အသစ်တွေ တိုးလာချိန်မှာပဲ နဂိုကတည်းက တရုတ်-မြန်မာနယ်စပ် တလျောက်မှာ ရှိထားပြီးသား IDP ဒုက္ခသည် စခန်းတွေမှာလည်း အရေးပေါ် လိုအပ်ချက်တွေ ရှိလာနေတယ်လို့ အဲဒီစစ်ဘေးဒုက္ခသည်တွေကို ဆယ်နှစ်ကျော်ကြာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အမည်မဖေါ်လိုသူ အမျိုးသမီးတဦးကလည်း အခြေအနေကို ပြောပြပါတယ်။

“အခုလက်ရှိ ရှိနေတဲ့ IDP က အမိုးအကာ ကိစ္စက နံပတ် ၁ အရေးတကြီးလိုအပ်တယ်၊ ဒါက ဘာလဲဆိုရင် မန်စီ ၊ မိုးမောက်မြို့နယ် ပြောမယ်ဆိုရင် KIA ထိန်းချုပ်ဧရိယာထဲကပေါ့ IDP စခန်း ၅ ခုထဲက အိမ်ခြေတွေဆိုရင် အသစ်ပြန်ဆောက်ရမှာက အလုံး ၉၀၀ လောက်ရှိတယ်။ နောက်ပြီးတော့ ပြန်မပြင်လို့ မဖြစ်တဲ့ဟာက အလုံးရေ ၂၀၀ ကျော် -၃၀၀ နီးပါးရှိတယ်။ ပြီးရင် အခု ကျောင်းဖွင့်လာတော့မယ်ဆိုတော့ ကျောင်းသားတွေအတွက် စာအုပ်တောင်ဝယ်ဖို့ ခက်ခဲတယ်ဆိုတော့ အဲဒီအပေါ်မှာ မိဘတွေက ကလေးတွေရဲ့ စာအုပ်စာတမ်းတွေမှာ ကူညီပေးပါဆိုပြီးတော့ ပြောတာရှိတယ်။ နောက်ပြီးတော့ အခုကလည်း နေ့တိုင်း ညတိုင်းလို့ ပြောရမယ် မန်စီ၊ မိုးမောက်မှာ စစ်ဖြစ်တာ တောက်လျောက်ဖြစ်နေတယ်။ IDP စခန်း ကနေ လက်နက်ကြီးသံတွေ တောက်လောက်ကြားနေရတယ်။ နောက်ပြီးတော့ IDP စခန်းမှာရှိနေတဲ့ ကျောင်းတွေအားလုံးကလည်း ၃ ထပ်သားနဲ့ ထရံကာထားတယ် ဆိုတဲ့အခါကျတော့ ၁၀ နှစ်ဆိုတဲ့ မိုးဒဏ်လေဒဏ် ခံနိုင်ရေမရှိတဲ့အခါကျတော့ ကျောင်းတွေကို ကျမတို့ ပြန်ပြီးမှ လုပ်ပေးရမယ့် အနေအထားရှိတယ်။”

စစ်ဘေးဒုက္ခသည်တွေရဲ့ စိုးရိမ်ထိန့်လန့်မှုနဲ့ ဒုက္ခကို သက်သာစေဖို့က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားရေးပဲ ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက် ဒေါ်ခွန်ဂျာက ရှုမြင်ပါတယ်။

“အရေးပေါ်လိုအပ်တာကတော့ မကြာခင်မှာဆိုရင် ဒီဆန်ဆီဆား အကုန်လုံး ပြတ်တော့မယ် ။ အခုတရုတ်ကလည်း လုံး၀ ဝယ်လို့မရဘူး ပိတ်ထားတယ်၊ မြန်မာပြည်ကနေလည်း သွင်းလို့မရဘူး။ အဲဒီတော့ ဆန်လိုဟာမျိုး ပြီးရင် ငါးပိ ၊ ငါးခြောက် ပဲလိုဟာမျိုးတွေ သယ်မယ်ဆိုရင် ဖမ်းမယ် ဆိုတာမျိုး ဖြစ်နေတယ်။ ဥပမာဆိုရင် ဆေးဝါးတို့ ဘာတို့ဆိုရင် မကြာခင်မှာ လိုလာမယ် ၊ မိုးတွင်းကလည်း ရောက်လာမယ်ပေါ့ အဲဒါဆိုရင် ဒါခက်ခဲတော့မှာပေါ့ ကျမတို့ မြင်ယောင်နေတာက။ အဲဒီတော့ နံပတ် ၁ ကတော့ No Fly Zone လုပ်ရမယ် အဲဒါမှပဲ ဘယ်သူမဆို ထိခိုက်ဒဏ်ရာရတာလည်း သက်သာမယ် အခုက ဘယ်လိုဖြစ်သလဲဆိုတော့ လေယာဉ်လာမယ်ဆိုပြီးတော့ အသံလာပြီ ဥသြဆွဲပြီးပြီဆိုရင် အကုန်လုံးက ကတုတ်ကျင်းထဲမှာ။ ပြီးရင် ဘာလဲဆိုတော့ ညဘက်မှ လာပစ်မလားဆိုပြီးတော့ ချောင်းကမ်းပါးမှာ သွားအိပ်ရတာမျိုး ကတုတ်ကျင်းထဲမှာ အိပ်ရတာမျိုး ဖြစ်တဲ့အခါကျတော့ ဒါက တော်တော်အဆင်မပြေဘူး။”

KIA/KIO အဖွဲ့ဟာ ၁၉၉၀ နောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာ ယာယီအပစ်ရပ် သဘောတူခဲ့ရာက အရပ်သားတပိုင်းအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ကစလို့ ကချင်မြေမှာ တကြော့ပြန် တိုက်ပွဲတွေ ဖြစ်လာပါတယ်။NLD အစိုးရလက်ထက်မှာ NCA အပစ်ရပ်စာချုပ်ထဲ ပါဝင် လက်မှတ်ထိုးနိုင်ဖို့ စဉ်းစား ညှိနှိုင်းနေချိန်မှာပဲ ၊ ဖေဖေါ်ဝါရီလ(၁)ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကချင်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာရပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မှာ စစ်ဘေးဒုက္ခသည်စခန်း (၁၃)ခုလောက်ရှိပြီး အရင်က ရှိထားပြီးသား ဒုက္ခသည် (၁)သိန်းနီးပါးအပါအဝင် နောက်ထပ် အသစ်ထပ်ထွက်လာကြသူတွေပါ ပေါင်းရင် စစ်ဘေးရှောင်ဒုက္ခသည် (၁)သိန်း (၃)သောင်းဝန်းကျင်မှာ ရှိမယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)











XS
SM
MD
LG