(Zawgyi / Unicode)
ထိုင်းနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြန့်ပွားမှုနှုန်း မြင့်တက်လာနေတာကြောင့် ဘန်ကောက်အပါအဝင် ပြည်နယ် ၅ ခုမှာ တင်းကျပ်တဲ့ ပိတ်ဆို့ကန့်သတ်တဲ့ အမိန့်ကို ထုတ်ပြန်ပြီး အလုပ်သမား ၇ သောင်းကနေ ၈ သောင်းလောက်ရှိတဲ့ ဘန်ကောက်က ဆောက်လုပ်ရေးအလုပ်ဆိုက် ၆၀၀ ကိုလည်း ဇွန်လ ၂၈ ရက်နေ့ကစပြီး တလပိတ်ဆို့ကန့်သတ်မှုတွေ လုပ်တော့မှာ ဖြစ်တဲ့အတွက် တနင်္ဂနွေနေ့ကစပြီး ရဲနဲ့ စစ်တပ် စတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ချထားလိုက်ပါပြီ။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းမှာ နေ့စဉ် ထောင်နဲ့ချီပြီး ကူးစက်ပြန့်ပွားမှုတွေ တိုးလာနေတာကြောင့် ဘန်ကောက်က ဆောက်လုပ်ရေးအလုပ်ဆိုက် ၆၀၀ ကို တနင်္လာနေ့ကစပြီး အဝင်အထွက်တွေ မရတော့ဘဲ ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်တော့မှာပါ။ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။
“ဘန်ကောက်တခုတည်းမှာပဲ ဆိုက်က ၆၀၀၊ ကျန်တဲ့ပြည်နယ်တွေ တောင်ပိုင်းက ပြည်နယ်လေးခုမှာတော့ ဘယ်လောက်ရှိတယ် မပြောဘူး။ အဓိကကတော့ အဲဒီလူတွေကို အပြင်မထွက်အောင် ပိတ်ပြီး ရဲတွေ၊ စစ်သားတွေ အစောင့်ချထားတယ်၊ အစောင့်ထားတယ်။ ၂၈ ရက်နေ့ကကစပြီး တလပိတ်မယ်။ ဆောက်လုပ်ရေးဆိုက်တွေ အကုန်လုံးပေါ့။ အဓိကဆိုက်ကြီးတွေ၊ အလုပ်သမားက ၇ သောင်းနဲ့ ၈ သောင်းကြားရှိတယ်။ အလုပ်သမားတွေက မြန်မာကတော့ အများစုပဲ။ အသွားအလာတွေ ကန့်သတ်ပြီးတော့ အဲဒီထဲကနေ ပေးမထွက်တော့ဘူး။ အဓိကတော့ ဆောက်လုပ်ရေး အလုပ်သမားတွေက ကိုဗစ်ဖြစ်တာ ကူးစက်မှုတွေများလို့ပေါ့။”
အဓိက ကိုဗစ်ကပ်ပိုး ကူးစက်မှုများနေတဲ့ ဘန်ကောက်အပါအဝင် ပြည်နယ် ၅ ခုကို တင်းကျပ်တဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်သလို နောက်ထပ်ပြည်နယ် ၅ ခုမှာလည်း အကန့်အသတ်နဲ့ ပိတ်ဆို့မှုတွေ လုပ်မယ့်အကြောင်း ထိုင်းအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ တတိယလှိုင်း ကိုဗစ်ကပ်ပိုး ကူးစက်မှုမှာ မြန်မာလူမျိုး ၂ သောင်းခွဲကျော်လောက် ကူးစက်မှု ဖြစ်နေတယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ်။
“ရွှေ့ပြောင်းအလုပ်သမား အားလုံးဆိုရင်တော့ ၄ သောင်းဝန်းကျင်လောက်ရှိတယ်။ အဲဒီထဲမှာက မြန်မာချည်းပဲဆိုရင် မြန်မာက အဲဒီထဲမှာ ၂ သောင်းခွဲကျော်ရှိတယ်။”
ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၂၄၄,၀၀၀ ကျော်ရှိပြီး ဇွန်လ ၂၇ ရက်နေ့မှာ လူနာအသစ် ၃,၉၉၅ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိ သေဆုံးလူနာ စုစုပေါင်း ၁,၉၁၂ ဦးထက်မနည်း ရှိနေပါတယ်။
-----------------------
(Unicode)