သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ် 


ကနီမြို့နယ် PDF တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ Citizen Journalist)
ကနီမြို့နယ် PDF တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ Citizen Journalist)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နဲ့ ကနီမြို့နယ်အတွင်း စစ်ကောင်စီ သင်္ဘောတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်က တိုက်ခိုက်တာတွေရှိသလို မင်းကင်းမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေရှိနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲအခြေအနေကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကင်းမွန်ခြုံရွာအနီးမှာ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ၂ ဖက်အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ကနီမြို့နယ် ချင်းတွင်းမြစ်အတိုင်း ဆန်တက်နေတဲ့ စစ်ကောင်စီ သင်္ဘောတွေကို ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေဘက်က တိုက်ခိုက်တာတွေရှိသလို မင်းကင်းမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေရှိနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲအခြေအနေကို ကိုရဲနမွန် က ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြစ်သာမြစ်အရှေ့ဘက်မှာရှိတဲ့ ကင်းမွန်ခြုံရွာအနီးကို ဇူလိုင် ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီ နယ်မြေရှင်းလင်းတာတွေလုပ်ချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ မနက် ၈ နာရီကတည်းက စတင်ဖြစ်ပွားတဲ့တိုက်ပွဲဟာ ညနေပိုင်းအထိ ပြင်းထန်နေပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ရှေ့တန်းမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“မနက် ၈ နာရီက သူတို့က နယ်မြေရှင်းလင်းရေးပုံစံနဲ့ အခုထိ ကင်းမွန်းခြုံရွာ အရှေ့ဘက်မှာ ထိတွေ့မှုဖြစ်နေတယ်။ ပြင်းထန်တယ်။ အပြန်အလှန် ပစ်ခတ်မှုက တော်တော်လေး ပြင်းထန်တယ်။ အခုလက်ရှိကတော့ ကိုယ့်ဘက်က အထိအခိုက်မရှိသေးဘူး။ သူတို့ဘက်က အနည်းဆုံး ၅ ယောက်လောက်ဖြစ်မယ်။ မိုင်းဆွဲတိုက်ခိုက်တာနဲ့ဆိုတော့။”

ပြီးခဲ့တဲ့အပတ် ဇူလိုင် ၁၃ ရက်ကနေ ဇူလိုင် ၁၆ ရက်အထိ ကလေးမြို့တောင်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေဘက်က ၂ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း အကျအဆုံးတွေရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ်ထဲမှာဆိုရင်လည်း မုံရွာကနေ ချင်းတွင်းမြစ်အတိုင်း အထက်ဖက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတွေနဲ့ လက်နက်တွေ တင်ဆောင်လာတဲ့ စက်လှေတွေကို ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ဒေသခံ ကာကွယ်ရေး PDF တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီစက်လှေအချို့ နစ်မြှုပ်မျောပါသွားပြီးနောက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက အခုလိုပြောပါတယ်။

“၁၈ ရက်နေ့က စဖြစ်တာ (မုံရွာ) အလုံမင်းတောင်ဆိပ်ကမ်းကနေ ဖလက်ခွံ့တွေ စပြီးဆန်တက်လာကတည်းကဖြစ်နေတာ။ အခုက ဖလက်ခွံ့တွေက ကနီကို ရောက်နေပြီ ကနီမြို့နယ်မှာရှိတဲ့ ပျူစောထီး အလယ်ကျွန်းရွာကို မနေ့က သင်္ဘောပေါ်မှာပါလာတဲ့ ရိက္ခာတွေ ခဲယမ်းတွေ ပို့တယ်လို့သိရတယ်။ နောက်ထပ် ၂ စီးပေါ့နော်။ အလုံမင်းတောင်ဆိပ်ကမ်းကနေ ထပ်ဖြည့်မယ်။ ဖြည့်ပြီးမှ အထက်ကို ထပ်ဆန်မယ်လို့ သတင်းရထားတယ်။ ကျွန်တော်တို့ ကနီနယ်မဆုံးမချင်းကတော့ စစ်ရေးက တင်းမာဖို့ပဲရှိတယ်ခင်ဗျ။”

ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေ ပစ်ခတ်လိုက်တာကြောင့် ပျက်စီးသွားတဲ့ သင်္ဘောပေါ်ကနေပြီး လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ မျောပါလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဆယ်ယူရရှိခဲ့ပါသေးတယ်။ ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရဲ့ စက်လှေတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိနေပါတယ်။

ကနီမြို့နဲ့ တဆက်တည်း အထက်ဖက်ဖြစ်တဲ့ မင်းကင်းမြို့နယ်ထဲမှာလည်း ဇူလိုင် ၂၀ ရက်က ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်တပ်ထောက်ခံသူတွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မင်းကင်းဒေသခံတဦးက

“ပန်းဆက်နဲ့ သံပေါက်ခင်ဗျ။ အဲ့ရွာတွေက မြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းဆိုတော့ တဖက်နဲ့တဖက်လှမ်းပစ်ကြတာ။ ပန်းဆက်က ပျူစောထီးရွာဗျ။ သူတို့ကရေယာဉ်နဲ့ သင်္ဘောတွေနဲ့ ဆန်တက်ခဲ့တော့မှာဖြစ်တယ်ခင်ဗျ။ ခဲယမ်းလက်နက် ရိက္ခာ အဲ့ဒါတွေ သယ်တဲ့မော်တော်တွေက ဆန်တက်တော့မယ်အချိန်မှာ သူတို့က ကာဗာယူတဲ့သဘောနဲ့ လှမ်းပစ်တော့တာပဲ။”

စစ်ကောင်စီဟာ ကုန်းလမ်းကနေ မော်တော်ယာဉ်တွေနဲ့ ရိက္ခာလက်နက်တွေကို သယ်ယူရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိလာတဲ့အတွက် ချင်းတွင်းမြစ်ရေကြောင်းကို အသုံးပြုပြီး သွားလာသယ်ယူနေကြတာလည်းဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

.....................................


{{Zawgyi/Unicode}}












XS
SM
MD
LG