သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ICJ အမှု ခိုင်လုံတဲ့ အထောက်အထားတွေတင်ပြဖို့ ရက်ရွှေ့တောင်းဆို" - စစ်ကောင်စီပြောခွင့်ရ


ICJ Myanmar Case
ICJ Myanmar Case

"ICJ အမှု ခိုင်လုံတဲ့ အထောက်အထားတွေတင်ပြဖို့ ရက်ရွှေ့တောင်းဆို" - စစ်ကောင်စီပြောခွင့်ရ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ခုခံချေပလွှာ တင်ပြဖို့ နောက်ဆုံးရက်ကို နောက်နှစ်အထိ ရွှေ့ပေးဖို့ မြန်မာစစ်ကောင်စီဖက်က ပန်ကြားခဲ့ပေမယ့်၊ တရားရုံးဖက်က တလပဲ အချိန်တိုးပေးခဲ့ပါတယ်။ အချက်အလက်တွေ ပိုပြီး ခိုင်ခိုင်မာမာရှိစေဖို့ လိုအပ်တာကြောင့် အခုလို အချိန်တိုးတောင်းရတာလို့ စစ်ကောင်စီက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမွန်က တင်ဆက်ပေးပါမယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ လာမယ့် တနင်္လာနေ့ ဧပြီလ ၂၄ ရက်နေ့မှာ နောက်တဆင့် ခုခံချေပလွှာ တင်ဖို့ရှိတာပါ။ အဲဒီနေ့မှာ မတင်ပြနိုင်တဲ့အတွက် စစ်ကောင်စီဘက်က နိုင်ငံတကာတရားရုံး (ICJ)ကို နောက်နှစ် ဖေဖော်ဝါရီ ၂၄ ထိ ၁၀ လကြာ ရွှေ့ဆိုင်းထားပေးဖို့ ပန်ကြားခဲ့တာဖြစ်ပါတယ်။ ဒီလို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာနဲ့ပတ်သတ်လို့ ဗွီအိုအေကမေးမြန်းတာမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ခုလို တုံ့ပြန်ပါတယ်။

" အဓိကတော့ မြန်မာဖက်ကနေကျ counter memorial အပြည့်အစုံ တင်နိုင်ဖို့အတွက် အခုလို အချိန်ထပ်မံ ယူဖို့ပြောတာဖြစ်ပါတယ်။ အဲဒါကို မေလထဲ ရွှေ့ဆိုင်းပေးတယ်လို့ ကျနော်တို့ သိရပါတယ်။ မပြည့်စုံလို့ရယ် မဟုတ်ပါဘူး ကျနော်တို့အဲဒီမှာ အချက်အလက်နဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ ထပ်မံပြီးတော့ ဖြည့်စွက်စရာရှိတယ်။ ပိုမိုခိုင်မာအောင် လုပ်စရာရှိတယ်။ ဒါကြောင့် အချိန်ရွှေ့ဆိုင်းပေးဖို့ ပြောတာဖြစ်တယ်။"

၁၀ လကြာ စစ်ကောင်စီဘက်က တိုးတောင်းတာကို တရားရုံးဘက်က လက်မခံဘဲ ပယ်ချလိုက်ပေမယ့် အရင်သတ်မှတ်ရက် ဧပြီ ၂၄ ရက်အစား၊ မတ်လ ၂၄ရက်မှ တင်ပြဖို့ ပြင်ဆင်ချိန် တလ ထပ်တိုးပေး လိုက်ပါတယ်။ မြန်မာကိုယ်စားလှယ်ဘက်က နောက်နှစ် ဖေဖော်ဝါရီ ၂၄ ထိ ၁၀ လကြာ ရွှေ့ဆိုင်းထားပေးဖို့ ပြီးခဲ့တဲ့လ မတ်လ ၁၄ ရက်က ပန်ကြားခဲ့တယ်လို့ တရားရုံးက ဧပြီ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

တရားရုံး ထုတ်ပြန်ချက်အရ မြန်မာဘက်က ရွှေ့ဆိုင်းဖို့ပြောတဲ့ အကြောင်းပြချက်တွေထဲမှာ တရားစွဲတဲ့ ဂမ်ဘီယာဘက်က တင်ထားတဲ့ အဆိုလွှာက ရှည်လျားတာ၊ အမှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို မြန်မာလို ဒါမှမဟုတ် အင်္ဂလိပ်လို ဘာသာပြန်ဖို့ အချိန်လိုအပ်တာ၊ မြန်မာဘက်က အသုံးပြုနိုင်တဲ့ အရင်းအမြစ် မလုံလောက်တာ၊ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို မြန်မာဘက်ကို ပြန်ခေါ်ပြီး သက်သေခံချက်တွေ ယူဖို့ အချိန်လိုတာ၊ ၂၀၂၁ ဖေဖော်ဝါရီ အုပ်ချုပ်သူ အပြောင်းအလဲကြောင့် ချေပလွှာကို ပြင်ဆင်နိုင်စွမ်း ထိခိုက်မှုတွေ ပါဝင်တယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူကတော့ သူတို့ရဲ့ပြင်ဆင်မှုဟာ ပြီးပြည့်စုံတဲ့ပြင်ဆင်မှု ဖြစ်လိုတာမို့ အခုလို အချိန် ထပ်ယူရတာဖြစ်ပြီး တခြားအခက်အခဲ တစုံတရာမရှိခဲ့ဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

" အရင်တုန်းက အဲ့မှာ တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံတောင်မှ ကျနော်တို့ အသင့်ဖြစ်တာတောင် အချိန် ရွှေ့ဆိုင်းခဲ့တယ်ဗျ။ နောက်ကို အများကြီးရွှေ့ဆိုင်းခဲ့တာပဲ။ ကျနော်တို့ အနေနဲ့ ရင်ဆိုင်ဖို့ အသင့်ပါဘဲ။ ဒါကလည်း တရားရေးရှုထောင့်အရ ပိုမို ခိုင်မာအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ကျန်တဲ့အခက်အခဲ မရှိပါဘူး။"

မြန်မာဖက်က ပန်ကြားမှုကို တရားရုံးက ဂမ်ဘီယာနိုင်ငံကို အကြောင်းကြားခဲ့ပေမဲ့ ဂမ်ဘီယာက ပယ်ချခဲ့တယ်လို့ တရားရုံး ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဂမ်ဘီယာဟာ သူ့ရဲ့ အဆိုလွှာကို ပြင်ဆင်ဖို့ ၉ လ အချိန်ရခဲ့သလို မြန်မာအနေနဲ့လည်း ဒီအချိန်ကာလပဲ ရသင့်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဂမ်ဘီယာတင်ပြီးချိန်ကစရင် မြန်မာဘက်က ပြင်ဆင်ချိန် ၂၉ လ ရရှိထားပြီး ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ တရားရုံးကတော့ နှစ်ဖက် တင်ပြမှုတွေကိုအခြေခံပြီး မြန်မာဖက်ကို မေလ ၂၄ ရက်အထိ တလ ထပ်တိုးပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီချေလွှာတင်ပြီးရင် နောက်ထပ် စာနဲ့ လျှောက်လဲချက်တွေ အပြန်အလှန် တင်ရဖွယ်ရှိပြီး၊ အဲဒီနောက်ပိုင်းကျရင် ကြားနာမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအမှု အချိန် ဘယ်လောက်ကြာမယ်ဆိုတာ မှန်းရခက်တယ်လို့ သုံးသပ်သူတွေကပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရပြီး၊ ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု Genocide မြောက်တယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာနကလည်း သုံးသပ်ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို အမှုဖွင့် တိုင်ကြားထားတာပါ။ မြန်မာဖက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG