သုံးရလွယ်ကူစေသည့် Link များ

AFRY ရဲ့ မြန်မာရေအားလျှပ်စစ်စီမံကိန်းတွေရပ်ဆိုင်း 


ဘီလူးချောင်း အမှတ် (၁) ဓါတ်အားပေးစက်ရုံ၊ လွိုင်ကော်၊ မွန်ပြည်နယ်
ဘီလူးချောင်း အမှတ် (၁) ဓါတ်အားပေးစက်ရုံ၊ လွိုင်ကော်၊ မွန်ပြည်နယ်

စွမ်းအင်နဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ အင်ဂျင်နီယာနဲ့ ဒီဇိုင်းပညာ ကျွမ်းကျင် ဝန်ဆောင်မှုတွေ ပေးနေတဲ့ ဆွီဒင်-ဖင်လန် ဖက်စပ်ကုမ္ပဏီ AFRY က မြန်မာနိုင်ငံတွင်း သူ့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကြောင်း ကြေညာထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း ၃ ခုမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဒီကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံတွင်း ပိုမို ဆိုးရွား လာနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကြောင့် ခုလို လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ဧပြီ ၂၁ ရက်နေ့ကကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် အစီရင်ခံစာ ဒီနှစ် မတ်လထဲ ထွက်လာခဲ့ပြီးတဲ့နောက် ကုမ္ပဏီ အနေနဲ့လည်း အခြေအနေတွေကို လေ့လာ ဆန်းစစ်ခဲ့တာမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း သိသိသာသာ ဆိုးရွားလာခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ AFRY ကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်း သန့်ရှင်း စွမ်းအင်စနစ် တည်ဆောက်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ ခိုင်မာ အားကောင်းလာဖို့ ရည်ရွယ်ပြီး ရေအားလျှပ်စစ်မံကိန်း တချို့မှာ အနှစ် ၂၀ ကျော် ပါဝင်လုပ်ဆောင်ခဲ့ပြီးတော့မှ ခုလို ဆုံးဖြတ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက ရေအားလျှပ်စစ်စီမံကိန်း ၃ ခုမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ AFRY ဟာ လက်ရှိမှာ စီမံကိန်းတခုပဲ လုပ်နေတယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။ မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ ကွန်ထရက် စာချုပ်အားလုံးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု မတိုင်ခင် ချုပ်ဆိုခဲ့တာတွေ ဖြစ်ပြီး၊ အာဏာသိမ်းမှုနောက်ပိုင်း ထပ်တိုးချုပ်ဆိုတာ ဘာမှမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံထဲ လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်မယ်ဆိုရင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ အထောက်အပံ့ ဖြစ်နိုင် မဖြစ်နိုင် သေချာ သုံးသပ်ပြီးမှ ခုလို ဆုံးဖြတ်ချက် ချခဲ့တာလို့လည်း ပြောပါတယ်။ AFRY ကုမ္ပဏီ အနေနဲ့ ခုလို လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုပေမဲ့ လုပ်လက်စ လုပ်ငန်းတွေကတော့ ဒီနှစ် ကုန်တဲ့အထိ ဆက် လုပ်ရဦးမှာဖြစ်ပြီး ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်သွားမယ့်အကြောင်း AFRY ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG