သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ခတ်ရပ်စဲထားတဲ့ ဆူဒန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွား


South Sudan War Without End
South Sudan War Without End

အပစ်ခတ်ရပ်စဲထားတဲ့ ဆူဒန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွား

ဆူဒန်နိုင်ငံမှာ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားပေမယ့် စစ်တပ်နဲ့ ပြိုင်ဖက် အရံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ သောကြာနေ့မှာ မြို့တော် ခါတွန်နဲ့ကပ်လျက် ဘာရီ Bahri မြို့တွေမှာ တင့်ကားတွေ၊ အမြောက်တွေအပြင် လေကြောင်း တိုက်ခိုက်မှုတွေလည်း ပြင်းထန်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေက ကမကထလုပ်တဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးဟာ လာမယ့် တနင်္ဂနွေနေ့ သန်းခေါင်ယံအထိ သက်တမ်းရှိပေမယ့် နှစ်ဖက်တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတာပါ။

စစ်အာဏာသိမ်းထားတဲ့ ဆူဒန်နိုင်ငံမှာ ဧပြီလ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ ထောက်ပံ့ရေးခြေမြန် အရန်တပ်ဖွဲ့(RSF) ကြား အာဏာလွန်ဆွဲပွဲအတွင်းမှာ လူပေါင်း ရာနဲ့ချီသေဆုံးပြီး လူ သောင်းနဲ့ချီဟာ အသက်ဘေးက ထွက်ပြေးခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာ ကျောထောက်နောက်ခံ ပြုမှုနဲ့အတူ ဒီမိုကရေစီစနစ် ရွေးကောက်ပွဲ လမ်းကြောင်းကို အသွင်ကူးပြောင်းဖို့ ကြိုးစားမှုကလည်း ရပ်တန့်သွားခဲ့ပါတယ်။

မြို့တော်အနှံ့က ရပ်ကွက်တွေမှာ ဖြန့်ကျက်ထားတဲ့ RSF အရန်တပ်ဖွဲ့တွေကို ဆူဒန်တပ်မတော် SAF တပ်တွေက ဂျက်လေယာဉ်တွေ၊ မောင်းသူမဲ့ ဒရုန်းယာဉ်ငယ်တွေသုံးပြီး တိုက်ခိုက်နေပါတယ်။ မြို့ပြစစ်ပွဲတွေကြောင့် ကြောက်ရွံ့ထိတ်လန့်နေတဲ့ မြို့ခံတွေဟာ အစားအသောက်၊ လောင်စာ၊ ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

SAF စစ်တပ်ဘက်က Omdurman အခြေစိုက် စခန်းတွေကို လေကြောင်းက တိုက်ခိုက်မှုတွေပြုလုပ်ပြီး အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ RSF က စွပ်စွဲခဲ့ပါတယ်။ SAF စစ်တပ်ဘက်ကလည်း RSF ဘက်က ချိုးဖောက်မှုတွေလုပ်တာလို့ အပြန်အလှန် အပြစ်တင်နေကြတာပါ။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေအရ ဒီ ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ ၅၁၂ ဦး သေဆုံးပြီး ၄,၂၀၀ နီးပါး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အမှန်တကယ် သေဆုံးသူဦးရေက ဒီထက် ပိုမိုများပြားပါတယ်။ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သား အနည်းဆုံး ၃၈၇ ဦး သေဆုံးခဲ့ကြောင်း ဆူဒန်ဆရာဝန်များသမဂ္ဂက ပြောပါတယ်။

ဒီ အကြမ်းဖက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေကြလို့ ‌ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေပါတယ်။

ဆူဒန်စစ်တပ် SAF နဲ့ အရန်တပ် RSF တို့ဟာ ၂၀၂၁ ခုနှစ်က ပူးတွဲအာဏာသိမ်းကာ အရပ်သားညွန့်ပေါင်းအစိုးရကို ဖြုတ်ချပြီး အာဏာခွဲဝေမှုနဲ့ ပတ်သက်လို့ လအတန်ကြာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီး အဆုံးမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG