သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ ၃ ရက်ကြာ အပစ်အခတ်ရပ်ဖို့ သဘောတူ


ဆူဒန်နိုင်ငံထဲက အီတလီနိုင်ငံသားတွေကို လေတပ်သုံးလေယာဥ်နဲ့ ခေါ်လာပြီး ရောမမြို့ကို ရောက်လာစဥ်။ (ဧပြီ ၂၄? ၂၀၂၃)
ဆူဒန်နိုင်ငံထဲက အီတလီနိုင်ငံသားတွေကို လေတပ်သုံးလေယာဥ်နဲ့ ခေါ်လာပြီး ရောမမြို့ကို ရောက်လာစဥ်။ (ဧပြီ ၂၄? ၂၀၂၃)


ဧပြီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ဆူဒန်မှာ စစ်ဖြစ်နေကြတဲ့စစ်ခေါင်းဆောင်နှစ်ဦးက အင်္ဂါနေ့မှာစတင်ပြီး ၃ ရက်ကြာ အပစ်ရပ်စဲရေးသဘောတူညီလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ပြောပါတယ်။ ပြီးခဲ့တဲ့တခေါက် အပစ်ရပ် သဘောတူညီခဲ့တုန်းကတော့ သိပ်မခံဘဲ အလျင်အမြန်ပဲ ပဋိပက္ခတွေ ပြန်ဖြစ်ခဲ့ကြတာပါ။

“ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်း အပြင်းအထန် ဆွေးနွေးညှိနှိုင်းမှုအပြီး ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ ထောက်ပံ့ရေးခြေမြန် အရံတပ်ဖွဲ့ (RSF) နှစ်ဘက်ဟာ ဧပြီလ ၂၄ ရက်နေ့ ညသန်းခေါင်ယံက စတင်ပြီး ၇၂ နာရီကြာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဘလင်ကန်က ပြောပါတယ်။ သဘောတူခဲ့တယ်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးအသက်မဝင်မီ နှစ်နာရီအလိုမှာ ဒီ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

တပြိုင်တည်းမှာပဲ ရုရှားနိုင်ငံက ကြေးစားလက်နက်ကိုင်အဖွဲ့ ဗာ့ဂနာကြောင့် ဆူဒန်နိုင်ငံရဲ့ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေမယ့်အန္တရာယ်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က တနင်္လာနေ့မှာ သတိပေးထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ လူယုံ စီးပွားရေးလုပ်ငန်းရှင် ယဗ်ဂျန်နီ ပရီဂိုဇင် တည်ထောင်ထားတဲ့ ဗာ့ဂနာကြေးစားတပ်က ဆူဒန်မှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်လာအပြီးမှာ ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။ မာလီနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေအပြင် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာလည်း ပါဝင်လှုပ်ရှားနေတဲ့ ဗာ့ဂနာတပ်ဖွဲ့က လူတွေကို ပို သေကျေ ပျက်စီးစေပါတယ်လို့ ထောက်ပြပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်က စပြီး ဆူဒန်စစ်တပ် (SAF) နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ထောက်ပံ့ရေးခြေမြန် အရံတပ်ဖွဲ့ (RSF) ကို ဗာ့ဂနာက လက်နက်တွေထောက်ပံ့နေတယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး မီဒီယာတွေက ရေးသားနေကြတာပါ။

တပြိင်တည်းမှာပဲ ကင်ညာ နိုင်ငံခြားရေးဝန်ကြီး အဲလ်ဖရက်မြူတျူဝါ (Alfred Mutua) ကလည်း ဆူဒန်ပဋိပက္ခမှာ အရှေ့အလယ်ပိုင်းက အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ သူက ဘယ်နိုင်ငံတွေလဲဆိုတာ အမည်တပ်မပြောပေမယ့် အီဂျစ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ဆူဒန်မှာ စစ်ဖြစ်နေကြတဲ့ စစ်ခေါင်းဆောင်နှစ်ဦးကို ကျောထောက်နောက်ခံပြုပေးထားတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေ ထွက်ပေါ်နေပါတယ်။

“အရှေ့အလယ်ပိုင်းက မိတ်ဆွေနိုင်ငံတွေပဲ ဖြစ်ဖြစ်၊ ရုရှား ဒါမှမဟုတ် တဘက်ဖက်နဲ့ ကာလကြာရှည် ရင်းနှီးတဲ့ဆက်ဆံရေးရှိကြတဲ့ တခြား တနိုင်ငံဖြစ်ဖြစ် ပါဝင် ပတ်သက်တာမျိုးက စိုးရိမ်စရာပါ၊ ဒီအချိန်မှာ တဘက်ဖက်ကနေ ရပ်တည်ပေးတာမျိုး မလုပ်သင့်ဘူးလို့ ကင်ညာ နိုင်ငံခြားရေးဝန်ကြီးက မြူတျူဝါကပြောပြီး ဆူဒန်နိုင်ငံအရေးမှာ ပြင်ပနိုင်ငံတွေက ဝင်ရောက်မစွက်ဖက်ဖို့ တောင်းဆိုထားပါတယ်။

အခု တိုက်ပွဲတွေဆက် ဖြစ်နေပေမယ့် ပြိုင်ဘက် စစ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ SAF အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဘ်ဒယ် ဖာတာ အယ်လ်-ဘာဟန်နဲ့ RSF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂါလိုတို့ကြားမှာ ညှိနှိုင်းနိုင်ဖို့လမ်းကြောင်းတွေက ရှိနေဆဲပဲလို့ ကင်ညာနိုင်ငံခြားရေးဝန်ကြီးကပြောပြီး ကင်ညာ သမ္မတ ဝီလျံရူတိုကလည်း လုံခြုံရေး အရ စိတ်ချရရင် ဆူဒန်ကို သွားပြီး နှစ်ဖက် ညှိနှိုင်းပေးဖို့ အသင့်ပဲလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆူဒန်မှာ လုံခြုံရေးအခြေအနေ စိုးရိမ်မှုတိုးလာနေလို့ မြို့တော် ခါတွန်က အမေရိကန်သံက သံရုံးဝန်ထမ်းတွေကို ထွက်ခွာဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့က အမိန့်ပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG