သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဒါနီ ဆိပ်ကမ်းလုပ်ငန်း အရှုံးခံရောင်းပြီး မြန်မာက ထွက်ခွာ


Yangon Port
Yangon Port

အဒါနီ ဆိပ်ကမ်းလုပ်ငန်း အရှုံးခံရောင်းပြီး မြန်မာက ထွက်ခွာ

အိန္ဒိယရဲ့ အဒါနီ စီပွားလုပ်ငန်းစုအောက်က APSEZ ဆိပ်ကမ်း ကုမ္ပဏီဟာ မြန်မာနိုင်ငံက ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြည်ပကုမ္ပဏီတခု ဖြစ်တဲ့ ဆိုလာစွမ်းအင်လိမိတက် အမည်ရှိတဲ့ ကုမ္ပဏီလက်ထဲ ဒေါ်လာ သန်း ၁၂၀ အရှုံးခံပြီး ကြာသပတေးနေ့က ရောင်းချလိုက်ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူပြီး နောက်ပိုင်းမှာပဲ အိန္ဒိယကမ်းရိုးတန်းတလျှောက်မှာ ဆိပ်ကမ်းကြီး ၁၂ ခု ပိုင်ဆိုထားတဲ အိန္ဒိယရဲ့အကြီးဆုံး ဆိပ်ကမ်းလုပ်ငန်းစု အာဒါနီဟာ သူ့ရဲ့ အရင်းအနှီးများပြီး ရည်မှန်းချက်ကြီးတဲ့ ရန်ကုန်ဆိပ်ကမ်းစီမံကိန်းကို ဒေါ်လာသန်း ၃၀ လောက်နဲ့ ဈေးလျှော့ပြီး ပြန်လည် ရောင်းချလိုက်တာလို့ ဆိုပါတယ်။

“၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက ကုမ္ပဏီရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေ သုံးသပ်တဲ့ကော်မတီက အကြံပြုချက်တွေကို အခြေခံပြီး ဘုတ်အဖွဲ့က ဆုံးဖြတ်တဲ့ လမ်းညွှန်ချက်နဲ့အညီ အခုလို မြန်မာပြည်က ထွက်ခွာတာ” လို့ APSEZ ရဲ့ ဒါရိုက်တာနဲ့ အမှုဆောင်အရာရှိချုပ် ကာရင်အဒါနီက ပြောပါတယ်။

ဝယ်ယူသွားတဲ့ ဆိုလာစွမ်းအင်လိမိတက်ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရပါဘူး။ အဒါနီ ဆိပ်ကမ်းလုပ်ငန်းက ၂၀၂၂ ခုနှစ် မတ်လကနေ ဇွန်လအတွင်းမှာ အပြီးသတ် ထွက်ခွာဖို့ ရည်ရွယ်ထားခဲ့ပေမယ့် နှောင့်နှေးမှုတွေကြောင့် ဆိုလာစွမ်းအင်လိမိတက်နဲ့ ရောင်းဈေးနှုန်း ဒေါ်လာ သန်း ၃၀ ပြန်လည် ညှိနှိုင်းခဲ့ရတယ်လို့ အဒါနီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် မေလကတည်းက ရောင်းချဖို့ ကြေညာထားတာ ဖြစ်ပေမယ့် စီမံကိန်း ပြီးစီးမှုအပါအဝင် အခြေအနေတချို့ကြောင့် သဘောတူညီချက်ရဖို့ နှောင့်နှေးခဲ့တာပါ။ အဒါနီ စီပွားလုပ်ငန်းစုအနေနဲ့ ပိတ်ဆို့ အရေးယူခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ စီးပွားလက်တွဲလုပ်ဆောင်မှာ မဟုတ်ဘူးလို့ အဲ့တုန်းက ဆိုခဲ့ပြီး အခြား လူနည်းစု အစုရှယ်ယာဝင်တွေရဲ့ သဘောထားကြောင့် အခုလို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားပါတယ်။

၂၀၁၉ ခုနှစ် မေလမှာ APSEZ က ရန်ကုန်မြို့မှာ ကုန်တင် ကွန်တိန်နာ ဆိပ်ကမ်းတခု တည်ထောင်မယ်ဆိုပြီး စတင် ကြေငြာခဲ့တာပါ။ အဒါနီ လုပ်ငန်းစုရဲ့ စုစုပေါင်း ရင်းနှီးမြှပ်နှံမှုက အမေရိကန် ဒေါ်လာ ၂၉၀ ရှိပြီး စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဆီကနေ မြေ ၅၄ ဧက ငှားရမ်းခအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကနေ ၅၀ သန်းအထိ ပေးဆောင်ရမယ့် အငှားစာချုပ်ကို အဲ့တုန်းက ချုပ်ဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့ အထိ APSEZ ဟာ မြန်မာ့ဆိပ်ကမ်းစီမံကိန်းမှာ မြေငှားခအတွက် ကြိုတင်ငွေပေးချေမှု အမေရိကန်ဒေါ်လာ သန်း ၉၀ အပါအဝင် စုစုပေါင်း ဒေါ်လာ ၁၂၇ သန်း ဝန်းကျင် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ် အတွင်းမှာ နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေက စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့ စီပွားရေး လုပ်ဆောင်တဲ့အတွက် မြန်မာဆိပ်ကမ်း သဘောတူညီချက်နဲ့ ပတ်သက်ပြီး အာဒါနီ စီးပွားအုပ်စုကို ပြောဆိုဝေဖန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG