ဆူဒန်ပဋိပက္ခ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၂ သိန်းလောက်ရှိပြီ
ဆူဒန်မှာ ဖြစ်ပွါးတဲ့ အကြမ်းဘက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဟာ အခုဆို ၂ သိန်းလောက် ရှိနေပြီဖြစ်ပြီး အိမ်နီးချင်း Chad နိုင်ငံထဲ ထွက်ပြေးခိုလှုံသူကပဲ ၆ သောင်းလောက် ရှိနေတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သောကြာနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာပဲ Chad ကို ထွက်ပြေးလာသူက ၃ သောင်းလောက် ရှိနေတာဖြစ်ပြီး နယ်စပ်ကျော်ဖြတ် ထွက်ပြေးသူတွေ နေ့စဉ်ရှိနေတယ်လို့ ကုလသမဂ္ဂ ဂျနီဗာရုံး သတင်းစာရှင်းလင်းပွဲမှာ UNHCR ပြောခွင့်ရ Olga Sarrado ကပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ IOM ကလည်း ဆူဒန်နိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ IDP က ၇ သိန်းလောက် ရှိနေတယ်လို့ အင်္ဂါနေ့က သတင်းထုတ်ပြန်ထားတာပါ။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ် ၂ ဖွဲ့ကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးပျက်စီးမှုတွေနဲ့အတူ အခုလို နေရပ်စွန့်ခွါ ထွက်ပြေးသူ တနေ့တခြား တိုးလာနေတာ ဖြစ်ပါတယ်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan နဲ့ အာဏာသိမ်းစဉ်က အတူပါဝင်ခဲ့တဲ့ RSF တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Mohammed Hamdan Dagalo တို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာဖြစ်ပြီး ကြာသပတေးနေ့ကတော့ ဒီအဖွဲ့ ၂ ဖွဲ့စလုံးက သူတို့ဟာ ဒုက္ခသည်တွေအတွက် လူသားစာနာမှု အကူညီပေးခွင့်ပြုဖို့ လုပ်ဆောင်မှ ဖြစ်ကြောင်း လက်မှတ်ရေးထိုး သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ အပစ်အခတ် ရပ်စဲဖို့တော့ မပါသေးတဲ့အတွက် အခု သောကြာနဲ့ စနေနေ့တွေမှာ အပစ်ရပ်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ ဆူဒန်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Volker Perthes ကပြောပါတယ်။