သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို စစ်လက်နက် မထောက်ပံ့ဖို့ ကုလတောင်းဆိုချက်လိုက်နာဟု စင်္ကာပူထုတ်ပြန်


Singapore
Singapore

စင်္ကာပူဟာ ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာစစ်တပ်ဆီ စစ်လက်နက်ပစ္စည်းတွေ မရောက်အောင် တားဆီးဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ကိုယ်တိုင်ကလည်း သူနောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဆီ စင်္ကာပူအစိုးရက စစ်လက်နက်ပစ္စည်းပေးပို့နေတဲ့ အရိပ်လက္ခာ တခုမှ မတွေ့ရကြောင်း ဖေါ်ပြထားတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

စင်္ကာပူဟာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ တင်ပို့တဲ့ အရေးပါတဲ့ ကြားခံနေရာဖြစ်သလို ပါဝင်ပတ်သက်မှုလည်း ရှိနေတယ်လို့ ကုလအထူးကိုယ်စားလှယ် Tom Andrews ရဲ့ ဗုဒ္ဓဟူးနေ့ ပြောကြားချက် သတင်းမီဒီယာတွေမှာ ဖေါ်ပြနေတာနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန် ပြောဆိုလိုက်တာပါ။

မြန်မာစစ်တပ်က ရုရှားကနေ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုး စစ်လက်နက်ပစ္စည်း ဝယ်ယူတင်သွင်းခဲ့သလို မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတင်ပို့ရာမှာ စင်္ကာပူဟာ အရေးပါတဲ့ကြားခံနေရာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ လက်နက်ကုမ္ပဏီတွေထံကနေ ဒေါ်လာ ၂၅၄ သန်းဖိုးကို စင်္ကာပူကနေတဆင့် မြန်မာစစ်တပ်ထံကို ပေးပို့တင်သွင်းခဲ့တယ်လို့ ကုလအထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

စင်္ကာပူအစိုးရ အနေနဲ့ လက်နက်မဲ့ မြန်မာပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက်ရာမှာ သုံးနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးပို့ဖို့ ဘယ်တုန်းကမှ ခွင့်ပြုခဲ့တာ မရှိကြောင်းနဲ့ စင်္ကာပူအစိုးရရဲ့ ကုလသဘောတူညီချက်အတိုင်း ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖေါက်သူ လူပုဂ္ဂိုလ်ဖြစ်စေ၊ ကုမ္ပဏီကိုဖြစ်စေ ချက်ချင်း အရေးယူမှာဖြစ်ပြီး ဒီလိုချိုးဖေါက်ဖို့ ကြိုးစားသူတွေကို စုံစမ်းဖေါ်ထုတ်ရာမှာ ကုလအထူးကိုယ်စားလှယ်ပေးတဲ့ သတင်းအချက်လက်တွေအတွက် ကျေးဇူးတင်ကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

တချိန်တည်းမှာပဲ စင်္ကာပူအစိုးရက မြန်မာပြည်သူတွေအတွက် လူသားစာနာမှု အကူညီတွေပေးဖို့ ဆက်လုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ ဆက်ပြီး လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG