သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ်တင်သင်္ဘော ဗီယက်နမ်မှာ တထောက်နားမည်


FILE - The U.S. carrier USS Ronald Reagan
FILE - The U.S. carrier USS Ronald Reagan

ကန်လေယာဉ်တင်သင်္ဘော ဗီယက်နမ်မှာ တထောက်နားမည်

အမေရိကန်ရေတပ်ရဲ့ အကြီးဆုံးသင်္ဘောတွေထဲ တစီးဖြစ်တဲ့ ယူအက်စ်အက်စ် ရော်နယ်ရေဂင် လေယာဉ်တင် သင်္ဘောကြီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဗီယက်နမ် ဆိပ်ကမ်းတခုမှာ ခရီးတထောက်နား ဆိုက်ကပ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ် VnExpress အွန်လိုင်းသတင်းစာက ဖော်ပြထားပါတယ်။ "ဒါဟာ ဒေသတွင်းနဲ့ ကမ္ဘာမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန် ချစ်ကြည်ရင်းနှီးရေး ဖလှယ်မှုတခု" လို့ ဗီယက်နမ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒေသတွင်းမှာ အမေရိကန်နဲ့ တရုတ် အင်အားကြီးနှစ်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို အမေရိကန် စစ်သင်္ဘောတစီး ဗီယက်နမ်ကို ရှားရှားပါးပါး လာရောက်လည်ပတ်တာပါ။

နျူကလီးယားစွမ်းအင်သုံး အကြီးစား လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂင်ဟာ ဒါနန်း (Da Nang) ဆိပ်ကိမ်းကို ဇွန်လ ၂၅ ရက်နေ့မှာ ဆိုက်ကပ်မှာ ဖြစ်ပြီး အဲဒီမှာ ဇွန်လ ၃၀ ရက်အထိ ရှိပါမယ်။
ဗီယက်နမ်စစ်ပွဲ ကာလတုန်းက အမေရိကန်က ဒီဒါနန်း ဆိပ်ကမ်းကို ခေတ်မီဆိပ်ကမ်းဖြစ်အောင် ချဲ့ထွင်တည်ဆောက်ခဲ့တာပါ။ ဒါဟာ စစ်ပွဲအပြီးမှာ အမေရိကန် လေယာဉ်တင်သင်္ဘော တစီးရဲ့ တတိယအကြိမ်မြောက် ဗီယက်နမ်ခရီးစဥ်လည်း ဖြစ်ပါတယ်။

ထိုင်း၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ချစ်ကြည်ရေးခရီး ထွက်ခဲ့တဲ့ တရုတ်ရေတပ် လေ့ကျင့်ရေးသင်္ဘောတစီး ဒါနန်း ဆိပ်ကမ်းကို ဝင်ရောက်ဆိုက်ကပ်အပြီး တလလောက် အကြာမှာပဲ အခုလို အမေရိကန်စစ်သင်္ဘောတစီး လာရောက်လည် ပတ်တာလည်းဖြစ်ပါတယ်။

ဂျပန်ရဲ့အကြီးဆုံး ဖျက်သင်္ဘော အီဇူမို့(Izumo)ကလည်း ရော်နယ်ရေဂင် သင်္ဘောကြီး အပါအဝင်
တခြား အမေရိကန် သင်္ဘောတွေနဲ့အတူ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်အပြီး အရင် သီတင်းပတ်ထဲမှာ ဒါနန်း ဆိပ်ကမ်းကို ဆိုက်ကပ် ခဲ့ပါသေးတယ်။

တရုတ်ဟာ ဗီယက်နမ်ရဲ့အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပေမယ့် ဒေသတွင်းက အခြားနိုင်ငံတွေနဲ့အတူ တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက် အငြင်းပွားနေတာကြောင့် ဗီယက်နမ်နဲ့ တရုတ်ကြား တင်းမာမှုတွေ ရှိနေတာပါ။ အဲဒီလိုအခြေအနေ ဒေသတွင်းမှာ သြဇာချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ အမေရိကန်ဟာ ဗီယက်နမ်ကို သူ့အတွက် မဟာဗျူဟာ နိုင်ငံတခုအဖြစ် ရှုမြင်လာတာပါ။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းကို သွားရောက်ခဲ့သလို အဲဒီမှာ ဒေါ်လာ ၁.၂ ဘီလီယံတန် အမေရိကန်သံရုံး တည်ဆောက်ရေး စီမံကိန်းကို စတင်ခဲ့ပြီး ဗီယက်နမ်နဲ့ ဆက်ဆံရေး ပို အားကောင်းလာဖို့ လုပ်ဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG