သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမြင်ကွင်းကပျောက်နေတဲ့ ဗိုလ်ချုပ်ကြီးအကြောင်း ရုရှားအစိုးရ နှုတ်ဆိတ်နေ


Russia Military Mutiny
Russia Military Mutiny

လူမြင်ကွင်းကပျောက်နေတဲ့ ဗိုလ်ချုပ်ကြီးအကြောင်း ရုရှားအစိုးရ နှုတ်ဆိတ်နေ

'ဗာ့ဂနာ'ကြေးစားတပ်က ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ကြိုးစာခဲ့တဲ့ စနေနေ့ကတည်းက လူမြင်ကွင်းကနေ ပျောက်နေတဲ့ ရုရှားဗိုလ်ချုပ်ကြီး ဆာဂျီ ဆူရိုဗစ်ကင်(Sergei Surovikin) နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိကြောင်း ရုရှားအစိုးရပြောခွင့်ရ ဒီဗီထရီ ပက်စကော့ဗ် (Dmitry Peskov)က ကြာသာပတေးနေ့မှာ ပြောလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကိုသာ ဆက်သွယ်ဖို့ ပြောခွင့်ရက ဆိုပါတယ်။

ယူကရိန်းက ရုရှားတပ်ဖွဲ့တွေရဲ့ လက်ထောက်တပ်မှူး ဖြစ်တဲ့ Surovikin ဟာ စနေနေ့က ဗီဒီယိုကတဆင့် စစ်တပ်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုရပ်ပြီး အခြေစိုက်စခန်းတွေကို ပြန်သွားဖို့ ဗာ့ဂနာအဖွဲ့ကို တိုက်တွန်းပြီးချိန်ကတည်းက သူ့ကို မတွေ့ရတော့တာပါ။

တဖက်မှာလည်း ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့ ဗာ့ဂနာကြေးစားတပ်ခေါင်းဆောင် ယက်ဗ်ဂင်နီ ပရီဂိုးဂျင် (Yevgeny Prigozhin) ဘယ်ရောက်နေလဲဆိုတာ ရုရှားအစိုးရအဖွဲ့အနေနဲ့ မသိရှိကြောင်း ပြောခွင့်ရ ပက်စကော့ဗ်က ကြာသာပတေးနေ့မှာပဲ ပြောပါတယ်။

ပုန်ကန်မှု ရပ်တန့်ရေး သဘောတူချက်အတိုင်း ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို (Alexander Lukashenko) ရဲ့ ဖိတ်ကြားချက်နဲ့ ပရီဂိုးဂျင်ဟာ ဘီလာရုစ်ကို အခု သီတင်းပတ် အစောပိုင်းမှာ ရောက်ရှိနေတာပါ။

ဒါပေမယ့် ပရီဂိုးဂျင်-ဟာ ဘီလာရုစ်ရဲ့ ဘယ်မှာ ရှိနေတယ်ဆိုတာ အတိအကျတော့ မသိရပါဘူး။ သူနဲ့အတူ ဗာ့ဂနာ တပ်ဖွဲ့ဝင် ဘယ်လောက်များများ ပါလာပြီး ဘယ်လောက်ကြာကြာ အဲဒီမှာ ဆက်နေဖို့ စီစဉ်ထားလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ ဗာ့ဂနာကြေးစားတပ်ကို ဒေါ်လာ ၁ ဘီလီယံ ‌ထောက်ပံ့ခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အရင်က ပရီဂိုးဂျင်က သူ့တပ်ဖွဲ့တွေကို သူ့ဘာသာ ငွေကြေးစိုက်ထုတ် ထောက်ပံ့ခဲ့တာလို့ ဆိုထားတာပါ။ ဒါ့အပြင် ရုရှားစစ်တပ်အတွက် စားနပ်ရိက္ခာသွင်းရတဲ့ ပရီဂိုးဂျင်ပိုင် အစားအသောက် လုပ်ငန်းကိုလည်း နောက်ထပ် ဒေါ်လာ ၁ ဘီလီယံနီးပါး ပေးထားကြောင်းလည်း သမ္မတ ပူတင်က ထုတ်ပြောခဲ့ပါတယ်။

ရုရှားဟာ အရင်တုန်းကတော့ ဗာ့ဂနာအဖွဲ့ လုံးဝ မရှိကြောင်း ငြင်းဆိုခဲ့ပေမယ့် အခုတော့ ရုရှားအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက အပြည့်အဝ ပံ့ပိုးပေးထားကြောင်း ထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။ ဗာ့ဂနာတပ်ဖွဲ့တွေဟာ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံအများအပြားမှာလည်း ရုရှားအစိုးရဘက်က ရပ်တည်ပြီး အကျိုးစီးပွားကို ကာကွယ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ဗာ့ဂနာတပ်ဖွဲ့ဝင်တွေ အများစုကတော့ ခြောက်လကြာ တိုက်ပွဲဝင်ရင် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေ ရုပ်သိမ်းပေးမယ်ဆိုတဲ့ ကတိနဲ့ ရုရှားအကျဉ်းထောင်ကနေ ထုတ်လာတဲ့ ရာဇဝတ်သားတွေ ဖြစ်ပါတယ်။ ဗာ့ဂနာ တပ်သားသစ် အများအပြားဟာ ယူကရိန်းရှေ့တန်းစစ်မြေပြင်မှာ လေ့ကျင့်ရေးညံ့ဖျင်းမှုနဲ့ လက်နက် တပ်ဆင်မှု အားနည်းလို့ အများအပြားလည်း သေဆုံး ထိခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG