သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း လူကုန်ကူးခံရသူ အင်ဒိုနိုင်ငံသား ၂၆ ဦးကိုကယ်တင်


Indonesian Embassy Yangon
Indonesian Embassy Yangon

အွန်လိုင်းကတဆင့် လိမ်လည်လှည့်ဖြားနေတဲ့ မြဝတီမြို့က Cyber 'ဆိုင်ဘာ' ရာဇဝတ်မှုလုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးကို မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ဇူလိုင် ၂၅ ရက်မှာ ကယ်တင်ခဲ့ကြောင်း Antara အင်ဒိုနီးရှား သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

ကြာသပတေးနေ့က လက်ခံရရှိတဲ့ သံရုံးထုတ်ပြန်ချက်အရ အလုပ်သမားတွေထဲမှာ အမျိုးသမီး (၅)ဦးနဲ့ အမျိုးသား (၂၁)ဦးပါဝင်ပြီး သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဒေသအသီးသီးကလူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေး ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်၊ ဒါမှမဟုတ် ဒဏ်ငွေတွေ ချမှတ်ခြင်းမရှိဘဲ နေရပ်ပြန်ပို့ခွင့်ရဖို့ အင်ဒိုနီးရှားသံရုံးက တောင်းခံခဲ့ပြီး မြန်မာစစ်ကောင်စီ အာဏာပိုင်တွေက ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအနက် ၉ ဦးက လူကုန်ကူးခံခဲ့ရတဲ့ သားကောင်တွေဖြစ်ကြောင်း မြန်မာ စစ်ကောင်စီဘက်က ပြောတယ်လို့ဆိုပါတယ်။ ရန်ကုန်က အင်ဒိုနီးရှားသံရုံးမှာ ကျန်နေသေးတဲ့ နောက်ထပ် အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု လုပ်နေဆဲဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေနဲ့ အင်ဒိုနီးရှားသံရုံးတို့ ပူးပေါင်းပြီး အလုပ်သမားတွေကို မြဝတီကနေ ခေါ်ယူခဲ့တာပါ။ သူတို့ကို မြဝတီ မြို့မရဲစခန်းကနေ ဘတ်စ်ကားနဲ့ ခေါ်ဆောင်လာပြီး လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတခုမှာ အင်ဒိုနီးရှားသံရုံးတာဝန်ရှိသူတွေ လက်ထဲ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

သူတို့ဟာ မြဝတီနယ်စပ်က အွန်လိုင်းလိမ်လည်တဲ့ကုမ္ပဏီတွေမှာ လုပ်ကိုင်ခဲ့ကြောင်း အင်ဒိုနီးရှားသံရုံးက ပြောပါတယ်။ အဲဒီထဲက တဦးကတော့ စီးပွားရေးဗီဇာနဲ့ မြန်မာနိုင်ငံကို တရားဝင် ဝင်ရောက်ခဲ့ပေမယ့် နေထိုင်ခွင့်ဗီဇာသက်တမ်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက ကုန်ဆုံးနေပြီး အများစုကတော့ ထိုင်းနယ်စပ် မဲဆောက်ကတဆင့် မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ကြပါတယ်။

အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံ ပြန်ခေါ်သွားနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ သံရုံးတို့ ညှိနှိုင်းဆောင်ရွက်နေပြီး ပြန်ခွင့်ရဖို့ စောင့်ဆိုင်းနေချိန်မှာတော့ အဲဒီ အလုပ်သမား(၂၆)ဦးကို ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးမှာ ထားရှိမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG