မြေကမ္ဘာကို စောင့်ရှောက်ကြဖို့ ကာဒီနယ်ဘို တောင်းဆို
ဂေဟစနစ် မျှတမှု မရှိတာဟာ ဆင်းရဲတဲ့နိုင်ငံတွေက သန်းနဲ့ချီတဲ့ ကလေးငယ်တွေ စားမယ့်အစာ၊ သောက်မယ့်ရေတွေ အလုယူခံရတဲ့ သဘောဖြစ်နေတာကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းပြီး ဂေဟစနစ် မျှတအောင်လုပ်ကြဖို့ မြန်မာကက်သလစ် ကာဒီနယ် ရဟန်းအမတ် ချားလ်စ် မောင်ဘိုက စက်တင်ဘာ ၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ရှေ့လထဲ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ကမ္ဘာတဝန်းက ကက်သလစ် ဘုရားကျောင်းတွေကို ဒုတိယအကြိမ်မြောက်ပေးပို့မယ့် "လူသားအားလုံးနေထိုင်ရာ ဘုံအိမ်ဖြစ်တဲ့ မြေကမ္ဘာကို စောင့်ရှောက်ဖို့” တိုက်တွန်းချက် မထုတ်ပြန်မီ မြန်မာပြည်က အသက် ၇၄ နှစ်ရှိ ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်ဘိုက အခုလို နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေဟာ တတိယကမ္ဘာက သယံဇာတတွေကို လုယူနေပြီး ဒါဟာ 'တဖြည်းဖြည်းချင်း ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု' ဖြစ်ကြောင်း အပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် လယ်သမားတွေ မျိုးစေ့ ဆုံးရှုံးရသလို၊ သစ်တောတွေ မြေဆီလွှာ ဆုံးရှုံးနေရပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒါဟာ ကြောက်စရာကောင်းတဲ့ မတရားမှုဖြစ်ကြောင်းလည်း ထောက်ပြပါတယ်။
အမိကမ္ဘာမြေပေါ်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်နေတာတွေ ရပ်တန့်ဖို့နဲ့ ဒီကမ္ဘာမြေဟာ လူသားအားလုံးကို ချစ်ခင်တဲ့ ဘုရားသခင်က ရက်ရောစွာနဲ့ ပေးအပ်ထားတဲ့ တစ်ဦးတည်းသော မိခင်ဖြစ်တယ်လို့ ဘုန်းတော်ကြီးမောင်ဘိုက သတိပေးလိုက်ပါတယ်။
မြန်မာ ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ လက်ရှိမှာ အာရှကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ အကြီးအကဲ ဥက္ကဋ္ဌရာထူးကို ထမ်းဆောင်နေတာလည်းဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှာကျရောက်တဲ့ ကက်သလစ်ဘာသာရေးဆိုင်ရာ အထိမ်းအမှတ် တခုဖြစ်တဲ့ “ကမ္ဘာ့ဖန်ဆင်းခြင်း စောင့်ရှောက်မှုအတွက် ဆုတောင်းခြင်းနေ့”အတွက် အခုလို ပြောကြားတိုက်တွန်းတာ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး စီးဆင်းကြပါစေ" ဖြစ်တယ်လို့ Union of Catholic Asian News သတင်းမှာ ဖော်ပြထားပါတယ်။