သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆောင်ရွက်သူ ကန် လွှတ်တော်အမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် ကွယ်လွန်


Foto Achiv: Ansyen diplomat Ameriken Bill Richardson.
Foto Achiv: Ansyen diplomat Ameriken Bill Richardson.


မြန်မာ့အရေး ဆောင်ရွက်ခဲ့သူအဖြစ် လူသိများခဲ့တဲ့ အမေရိကန်လွှတ်တော် အမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ အသက်(၇၅)နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။

သူဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို လာရောက်ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်ဗိုလ်ချုပ်တွေနဲ့ပါ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။ စစ်တပ်က အာဏာ ထပ်သိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာလည်း မြန်မာပြည်ကို သွားရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။

“စစ်ခေါင်းဆောင်နဲ့ ကျနော့်ကြားမှာ အတိုင်းအတာ တခုအထိ နားလည်မှုရှိပြီး အပြန်အလှန် လေးလေးစားစား ဆက်ဆံခဲ့ကြပါတယ်။ စစ်အစိုးရအနေနဲ့ အကူအညီလိုနေတဲ့ မြန်မာပြည်သူ (၅၅)သန်းအတွက် အစားအစာနဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ပေးနိုင်ရေး ကုလသမဂ္ဂနဲ့ လက်တွဲပြီး နည်းလမ်းရှာဖို့ ကျနော် သူ့ကို ပြောခဲ့ပါတယ်။ ဒါဟာ တိုးတက်မှု တစုံတရာနဲ့ လမ်းပွင့်သွားစေတဲ့ ခရီးစဉ်ဖြစ်ပါတယ်” လို့ သူ့ မြန်မာပြည်ခရီးနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ရစ်ချတ်ဆန်က ပြောခဲ့ဖူးပါတယ်။

အဲဒီခရီးစဉ်ကြောင့် စစ်ကောင်စီကို တရားဝင်မှုရအောင် ကူညီရာ ရောက်တယ်လို့ သူ့ကို အဲ့ဒီတုန်းက ဝေဖန်ခဲ့ကြပေမယ့် ရစ်ချတ်ဆန်ကတော့ သံတမန်ရေးရာမှာ သူ့ရဲ့ ခံယူချက်က “စစ်တပ် အာဏာသိမ်းလိုက်လို့ ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့် လူ ၅၅ သန်း ဒုက္ခရောက်ခံရမယ်ဆိုတာ မလိုလားလို့ ကူညီနိုင်ဖို့ သွားတာ” လို့ ပြန်လည် ဖြေရှင်းဖူးပါတယ်။

အဲဒီတုန်းက လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ ကလေးသူငယ်ရောဂါတွေအတွက် ကာကွယ်ဆေးများပေးပို့နိုင်ဖို့နဲ့ Covid-19 ကာကွယ်ဆေး ပေးပို့နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ဆိုပြီး ဒါတွေ တိုးတက်မှုရှိလာခဲ့ရင် နောက်ပိုင်းမှာ တခြား အရေးကြီးကိစ္စရပ်တွေ ဆွေးနွေးဖို့ နောက်ထပ် မြန်မာပြည်ကို လာမယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီခရီးစဉ် အတွင်း သူ့ရဲ့ တောင်းဆိုချက်ကြောင့် ဖမ်းဆီးခံနေရတဲ့ ရစ်ချတ်ဆန်စင်တာ မြန်မာပြည် ဝန်ထမ်းအမျိုးသမီး တဦးကို စစ်ခေါင်းဆောင်က ချက်ချင်း လွှတ်ပေးဖူးခဲ့ပါတယ်။ အဲဒီခရီးစဉ် အပြီးမှာလည်း စစ်တပ်က ဖမ်းထားတဲ့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာတဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသား Danny Fenster ပြန်လည် လွတ်မြောက်အောင် ကူညီပေးခဲ့ဖူးပါတယ်။

ရစ်ချတ်ဆန်ဟာ နိုင်ငံရပ်ခြားမှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် ကြားဝင် ညှိနှိုင်း ပေးရာမှာလည်း ကျော်ကြားခဲ့သူပါ။ မြောက်ကိုရီယား၊ အီရတ်၊ ကျူးဘားနှင့် ဆူဒန်မှာ ဖမ်းခံခဲ့ရတဲ့ ဓားစာခံတွေနဲ့ အမေရိကန် စစ်မှုထမ်းတွေ လွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းပေးသူအဖြစ် အစိုးရတာဝန်နဲ့ မဟုတ်ပဲ တကိုယ်တော် သံတမန်ရေး ဆောင်ရွက်သူအဖြစ်လည်း ကမ္ဘာအနှံ့ ဆောင်ရွက်ဖူးသူ ဖြစ်ပါတယ်။ ၂၀၂၃ နှစ်ဆန်းမှာလည်း ပိုလန်ကတဆင့် ရုရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့လို့ ဖမ်းခံခဲ့ရတဲ့ အမေရိကန်ရေတပ် စစ်ပြန်ဟောင်း Taylor Dudley လွတ်မြောက်ဖို့ ကြားဝင် ညှိနှိုင်းပေးခဲ့ဖူးပါတယ်။

အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်အပါအဝင် အမေရိကန်ရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရသူတွေနဲ့ ညှိနှိုင်းခဲ့ဖူးပြီး "လူဆိုးလူမိုက်တွေအတွက် အလွတ်သဘော လက်ထောက်အတွင်းရေးမှူး" လို့ သူ့ကိုယ်သူ ညွှန်းဆိုဖူးပါတယ်။

သူဟာ နယူးမက္ကဆီကို ပြည်နယ်မှာ ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင် ခဲ့သလို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်း ဖြစ်ခဲ့သူ ဘီလ်ရစ်ချတ်ဆန်ဟာ မက်ဆာချူးဆက်ပြည်နယ်၊ ချက်သမ် (Chatham)က နေအိမ်မှာ အိပ်ပျော်နေတုန်း သေဆုံးသွားကြောင်း သူ ဦးဆောင်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ရစ်ချတ်ဆန်စင်တာ (Richardson Center for Global Engagement) က စနေနေ့က သတင်းထုတ်ပြန်ပါတယ်။

ရစ်ချတ်ဆန်ဟာ ၂၀၀၂ ခုနှစ်မှာ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် မရွေးချယ်ခံရမီ သမ္မတ ဘီလ်ကလင်တန် လက်ထက်မှာ ကုလသမဂ္ဂသံတမန်နှင့် စွမ်းအင် အတွင်းဝန်ဖြစ်ခဲ့ကာ နယူးမက္ကဆီကို မြောက်ပိုင်းကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် ၁၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG