သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှားဖြန့်ဝေမှု တရုတ်နဲ့ အမေရိကန် အပြန်အလှန် စွပ်စွဲ



အမေရိကန်ပြည်ထောင်စုဟာ Empire of lies "မုသားတွေ ပြည့်နေတဲ့ အင်ပါယာ" ပဲလို့ တရုတ်အစိုးရက စနေနေ့က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသတေးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်ဟာ ဒေါ်လာသန်း ထောင်နဲ့ချီ အကုန်ခံပြီး ကမ္ဘာအနှံ့ မမှန်ကန်တဲ့ သတင်းတွေ ပျံ့နှံ့အောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် တရုတ်အစိုးရက အခုလို တန်ပြန် စွပ်စွဲလိုက်တာပါ။

တရုတ်အစိုးရဟာ တရုတ်ပြည်နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှု ကောင်းကြောင်းတွေကို ဝါဒဖြန့်နေတဲ့ တချိန်တည်းမှာ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ မဟုတ်မမှန် ဖန်တီးထားတဲ့ သတင်းတွေ၊ ဝါဒဖြန့်သတင်းတွေ ဖြန့်နိုင်ဖို့အတွက် ငွေကြေး အမြောက်အများ သုံးစွဲနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနလက်အောက် ကမ္ဘာလုံးဆိုင်ရာ ထိတွေ့ဆက်ဆံရေး သုတေသနအဖွဲ့ Global Engagement Center (GEC) က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲထားပါတယ်။ ဒါတွေကို တားဆီးတာတွေ မလုပ်ဘူးဆိုရင် ရေရှည်မှာ ဒီမိုကရေစီ တန်ဘိုးတွေကို ထိခိုက်လာနိုင်တယ်လို့လည်း GEC ဌာနရဲ့ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရကတော့ ဒီအစီရင်ခံစာဟာ သတင်းမှား၊ အချက်အလက် မှားတွေကို အခြေခံထားတာသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုပြီး၊ အမေရိကန်ကသာ ကမ္ဘာလုံးဆိုင်ရာ သတင်းနယ်ပယ်ကို လက်နက်သဖွယ် အသုံးပြုနေတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲပြောဆိုတာကို တရုတ်အစိုးရပိုင် ဆင်ဟွာ (Xinhua) သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်ဟာ သူ့ရဲ့ရပ်တည်ချက်ကို ဆန့်ကျင်တဲ့ သတင်းတွေ၊ လူ့အခွင့်အရေး သတင်းတွေကို အမြဲ ဖိနှိပ်လေ့ ရှိတယ်လို့ အမေရိကန်က စွပ်စွဲပြီး ဝီဂါမွတ်ဆလင်တွေရှိရာ ရှင်ကျန်းဒေသက လူ့ခွင့်အရေးကိစ္စကို ဥပမာ ပေးထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး တရုတ်ရဲ့ ရှင်ကျန်းဒေသမူဝါဒကို အထင်အမြင် လွဲမှားအောင် လိမ်ညာ ဖန်တီးနေကြတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG