သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေးနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း တရုတ်ငြင်းဆို


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin

မြန်မာစစ်ကောင်စီအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မကြာသေးခင်က တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံ ပတ်သက်မှု ရှိနေသလားဆိုပြီး မေးခွန်းထုတ်နေတဲ့အပေါ် တရုတ်အစိုးရက ဒီကနေ့ပဲ ပယ်ချလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ လကစခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နေရာတချို့ကိုပါ ထိန်းချုပ်နိုင်ခဲ့သလို၊ နိုင်ငံနေရာ အနှံ့အပြားမှာလည်း တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့တာပါ။

အတိုက်အခံ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေ နောက်ကွယ်မှာ တရုတ်အစိုးရက အားပေးတာတွေ ရှိတယ်ဆိုပြီး မြန်မာစစ်ကောင်စီကို ထောက်ခံသူတွေက စွပ်စွဲနေတဲ့ သတင်းတွေအတွက် ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာတော့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားကြောင်းနဲ့ ငြိမ်းချမ်းရေးရဖို့ အခိုင်အမာ အားပေးတာကြောင့် မသင့်မြတ်မှုတွေ ဖန်တီးတာဟာ ၂ နိုင်ငံ ချစ်ကြည်ရေးကိုသာ ထိခိုက်စေလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေ တကျော့ပြန် ပေါ်ပေါက်လာနေချိန်မှာ တရုတ်နိုင်ငံက နယ်စပ်လုံခြုံရေးအတွက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့သလို၊ ရေတပ်သင်္ဘော ၃ စင်းဟာလည်း လေ့ကျင့်ရေးအတွက်ဆိုပြီး မြန်မာနိုင်ငံကို ရောက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်ကတော့ -

“ဒီလိုတနိုင်ငံနဲ့ တနိုင်ငံ ရေတပ်သင်္ဘောတွေ သွားရောက်လည်ပတ်တာ ပူးတွဲစစ်ရေးလေ့ကျင့်တာ ဥပမာ အကြမ်းဖက်တွေနှိမ်နင်းဖို့အတွက် ရေကြောင်းလုံခြုံရေးအတွက် နှစ်နိုင်ငံ အကျိုးတူ စစ်တပ်ချင်း ဆက်ဆံတာတွေရှိကြပါတယ်။ ကမ္ဘာမှာပြိုင်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ် ရေတပ်တွေဆိုရင်လည်း တနိုင်ငံနဲ့တနိုင်ငံ ရေတပ်သင်္ဘောတွေ သွားရောက်လည်ပတ်တာတွေလည်း အထင်အရှားတွေ့ရပါတယ်။ ဒါကြောင့် တရုတ်က ရေတပ်သင်္ဘော မြန်မာနိုင်ငံကို ရောက်တာကတော့ မထူးဆန်းဘူးလို့ ကျွန်တော်ကတော့ သုံးသပ်မိပါတယ်။”

စစ်ရေယာဉ်ဝန်ထမ်း ၇၀၀ နီးပါးလိုက်ပါလာတဲ့ တရုတ်စစ်သင်္ဘောသုံးစီးဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအနေနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG