သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခအဆုံးသတ်ရေး တရုတ်ဆက်ကူညီမည်


ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဧပြီ ၂၄၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဧပြီ ၂၄၊ ၂၀၂၃)

တရုတ်-မြန်မာ နယ်ခြားတည်ငြိမ်ရေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းရေး မြန်မာနိုင်ငံအတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဆွေးနွေး ညှိနှိုင်းနိုင်အောင် ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ ပြောပါတယ်။

"မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ တင်းမာမှုတွေ လျော့ကျသွားမှ တရုတ်-မြန်မာ နယ်ခြားဒေသ တည်ငြိမ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အကျိုးစီးပွားအတွက် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးပြီး အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်ထွက်ပေါ်ခဲ့တာကို တရုတ်နိုင်ငံအနေနဲ့ ကျေနပ်မိပါတယ်။ ပြီးဆုံးတဲ့အထိ ဆက်လက် ပံ့ပိုးကူညီဖို့လည်း အဆင်သင့်ရှိပါတယ်" - ဆိုပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ MNDAA, TNLA, AA စတဲ့ ညီနောင် ၃ အဖွဲ့က တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်း မနေ့က ထွက်လာပါတယ်။ ဘယ်မှာဆွေးနွေးတယ်ဆိုတာနဲ့ ဘယ်လို့ အကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့ခေါ် မဟာမိတ် တိုင်းရင်းသား အဖွဲ့တွေဘက်က မြန်မာစစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ပြီး နယ်စပ်ကုန်သွယ်ရေး အရေးကြီးတဲ့ စခန်းတွေ တော်တော်များများ သိမ်းပိုက်ပြီးတဲ့အချိန်၊ တရုတ်နိုင်ငံ ကြားဝင်ပြီး စေ့စပ်ရေးအတွက် စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်ခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းတွေ နစ်နာခဲ့သလို တရုတ်နိုင်ငံပိုင် စီမံချက်တွေရဲ့ လုံခြုံရေးအပေါ်မှာလည်း ခြိမ်းခြောက်မှုတွေ ရှိလာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ် မသိရပေမယ့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ကိုးကန့်ဒေသမှာ ဒီလကုန်အထိ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားတဲ့အကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ နီးစပ်သူတဉီးက VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG