သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကောင်းထွက်" - တရုတ်နိုင်ငံခြားရေးဌာန


ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)

မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့ကြောင်း တရုတ်အစိုးရက ဒီနေ့ပဲ ပြောလိုက်ပါတယ်။

“မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခတွေ လျော့ပါးရေးဟာ သက်ဆိုင်သူတွေ အားလုံးအတွက် အကျိုးရှိမှာဖြစ်သလို၊ ၂ နိုင်ငံ နယ်စပ်တည်ငြိမ်ရေးအတွက်လည်း အကျိုးရှိပါတယ်။ မြောက်ပိုင်းဒေသ ပဋိပက္ခနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်တဲ့ ရလဒ်တွေအတွက် ဝမ်းသာပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေရဲ့ စစ်ကောင်စီအပေါ် စစ်ဆင်ရေး ၂ လကျော်ကြာလာချိန်မှာပဲ တရုတ်နိုင်ငံက အခုလို ပြောလိုက်တာပါ။

စစ်ကောင်စီဘက်ကတော့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ညှိနိုင်းရေးကော်မတီနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိသူတွေ နိုင်ငံရေးအရ ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အခု ဆွေးနွေးပွဲအပေါ် မူတည်ပြီး ဒီလကုန်မှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယူနန်ပြည်နယ် ပါတီ ကော်မတီ လက်ထောက် အတွင်းရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့တာပါ။

VOA နဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သီးသန့်မေးမြန်းမှုမှာတော့ ယာယီသမ္မတကြီး ဒူဝါလရှီးလက တွေ့ဆုံဆွေးနွေးရေးဆိုတာ အဖြေတခု ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးအတွက် တံခါးပိတ်မထားကြောင်းနဲ့ မြန်မာနိုင်ငံရေး အခြေအနေကတော့ ဒီထက်ဆိုးဝါးတဲ့ အနေအထား ရှိတဲ့အတွက်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ကို တော်တော်လေး စဉ်းစားရမယ့် အနေအထား ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်စီကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG