သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း−မြန်မာနယ်စပ် မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်


Thailand Drugs
Thailand Drugs

ထိုင်း−မြန်မာနယ်စပ် မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင်ထဲမှာ မူးယစ်ဆေးဝါးမှောင်ခို ရောင်းချသူတွေကို ရှာဖွေ နှိမ်နင်းမှုတွေအတွင်း ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ မူးယစ်မှောင်ခို လက်နက်ကိုင်တွေအကြား ဒီဇင်ဘာလ ၂၁ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေက အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း မူးယစ်မှောင်ခိုသမား ၃ ဦး သေဆုံးခဲ့ပြီး စိတ်ကြွဆေးပြား အလုံးရေ ၂ သန်းကျော် ဖမ်းမိခဲ့ကြောင်း ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာ သတင်းထောက် မအေးအေးမာက အပြည့်စုံ သတင်းပေးပို့ထားပါတယ်။


ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင်အတွင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိုင်း ရိန်းဂျားတပ်ခွဲ အမှတ် ၃၂၀၁ နဲ့ အမှတ် ၃ စစ်ဒေသ စစ်ဆင်ရေးဌာနတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ မယ့်အိုင်းမြို့နယ်ထဲမှာ ထိပ်တိုက်တွေ့ပြီး တိုက်ပဲွဖြစ်ခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ့်အိုင်းမြို့နယ်အတွင်းမှာ တိုက်ပဲွဖြစ်တဲ့အကြောင်းကိုတော့ အမှတ် ၃‌ စစ်ဒေသက Gen. Praphat Phopsuwan ဗိုလ်ချုပ် ပရာဖတ်က တိုက်ပဲွဖြစ်ပွားတဲ့ နေရာကို ဒီဇင်ဘာလ ၂၂ ရက်နေ့က လာရောက်ပြီးသတင်းစာ ရှင်းလင်းပွဲလုပ်သွားခဲ့ပါတယ်။

" သူပြောသွားတာကတော့ မူးယစ်ဆေး၀ါး နိမ်နင်းရေးမှာ စစ်တပ် ရဲနဲ့အတူ မူးယစ် နှိမ်နင်းရေးဗျူရို တာ၀န်ရှိသူတွေပါ အတူတကွ ပူးပေါင်းလုပ်ဆောင် နေကြပါတယ်။ ရတဲ့ သတင်းအချက်လက်တွေကို မျှဝေပြီး ထိုင်းနိုင်ငံအတွင်းကို ၀င်ရောက်မလာနိုင်အောင် ပိတ်ဆို့ တားဆီးနေ‌ပါတယ်လို့ ထိုင်းဘာသာနဲ့‌‌ ပြောဆိုသွားပါတယ်။ "

ဖြစ်စဉ်ကတော့ ကျောပိုးအိတ်တွေ လွယ်ထားတဲ့ အင်အား ၂၀ ခန့်ပါတဲ့ မူးယစ်မှောင်ခို သမားတွေဟာ ထိုင်းမြန်မာနယ်စပ်က ဝင်လာကြတာကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ရာမှာ မူးယစ် လက်နက်ကိုင်တွေက စတင် ပစ်ခတ်ခဲ့ကြောင့် နှစ်ဖက်ကြား ၅ မိနစ်ကျော် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်၊ တိုက်ပဲွဖြစ်ပြီးနောက် စိတ်ကြွဆေးပြား ၂ သန်း ၆ သောင်းပါတဲ့ကျောပိုးအိတ် ၁၃ လုံးကို သိမ်းဆည်းနိုင်ခဲ့ပြီး မူးယစ်မှောင်ခိုသမား ၂ ဦးကိုပါ အသေဖမ်းဆီး ရမိခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ဒီဇင်ဘာလ ၂၂ရက်နေ့ မနက်ကလည်း ချင်းမိုင်ခရိုင် ချင်း‌ဒေါင်မြို ့နယ် နာစီရီ ကျေးရွာအနီးမှာလည်း မူးယစ်လက်နက်ကိုင် ၁၀ ယောက်နဲ့ နယ်ခြားစောင့် ၃၂၀၇ တပ်ဖွဲ့ဟာ ၁၀ မိနစ်ကြာ တိုက်ပဲွဖြစ်ပွားခဲ့ကြပြီး မူးယစ်လက်နက်ကိုင်တဦး အသေဖမ်းမိသလို စိတ်ကြွဆေးပြား ၂၂၄,၀၀၀ သိမ်းဆည်းနိုင်ခဲ့တယ်လို့ နယ်ခြားစောင့်တပ်က ပြောပါတယ်၊ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးကတော့ ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၁၀၀ ကျော် ရှိပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလွမ်မြို့နယ်မှာ မြန်မာနယ်စပ်ကနေ ဝင်လာတဲ့ မူးယစ်လက်နက်ကိုင်တွေနဲ့ ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မူးယစ်လက်နက်ကိုင်တွေဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး၊ စိတ်ကြွဆေးပြား ၂ သန်း ၄ သောင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှတ်(၃) ထိုင်းနယ်ခြားစောင့်တပ်ဖဲွ့က ဒီဇင်ဘာလ ၁၇ ရက်နေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG