သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို မူးယစ်ဆေး တင်ပို့ထုတ်လုပ်တဲ့နိုင်ငံစာရင်း ကန်ထည့်သွင်း


MYANMAR-DRUGS-CRIME
MYANMAR-DRUGS-CRIME


အမေရိကန်သမ္မတအိမ်ဖြူက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ တရားမဝင် မူးယစ်ဆေး တင်ပို့ထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ပတ်သက်တဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်စာလွှာထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်ပါတယ်။

သမ္မတတဦးအတွက် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ အာဏာအရ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ အာဖဂန်နစ္စတန် အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေး အဓိကထုတ်လုပ်မှု ဒါမှမဟုတ် တင်ပို့မှု အဓိကလုပ်ဆောင်နေတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးထံ ပြန်တမ်းပေးပို့လိုက်တာ ဖြစ်ပါတယ်။

မြန်မာနဲ့အတူ ဒီစာရင်းမှာ ထည့်သွင်းတာခံရတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလီဇ်၊ ဘိုလစ်ဗီယား၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အလ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပနာမား၊ ပီရူးနဲ့ ဗင်နီဇွဲလား နိုင်ငံတွေ ဖြစ်ပါတယ်။

ဒီနိုင်ငံတွေဟာ ပထဝီအနေအထားအရဖြစ်စေ၊ ဈေးကွက်ဆိုင်ရာနဲ့ စီးပွါးရေးအရဖြစ်စေ တရားမဝင် မူးယစ်ဆေးတွေကို ထုတ်လုပ်တာ ဒါမှမဟုတ် တင်ပို့မှု ရှိနေတာတွေ့ရပြီး တချို့နိုင်ငံတွေမှာဆို အစိုးရကိုယ်တိုင်က မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်မှုအတွက် တင်းကြပ်တဲ့ဥပဒေတွေ ချမှတ်ဆောင်ရွက် ထိန်းချုပ်နေတဲ့ကြားကပဲ လုပ်ဆောင်နေကြတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

၂၀၂၃ အမျိုးသားကာကွယ်ရေးအာဏာဆိုင်ရာ ဥပဒေပြင်ဆင်ချက်ထဲမှာ အခုလို မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံတွေစာရင်းမှာ အမေရိကန်ပြည်ထောင်စုကို ကြီးကြီးမားမား ရိုက်ခတ်မှုရှိနေတဲ့ တရားမဝင် မူးယစ်ဆေး ထုတ်လုပ်ရာမှာသုံးတဲ့ ဓါတုပစ္စည်းတင်ပို့ ထုတ်လုပ်တဲ့ နိုင်ငံတွေကိုပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီလို ထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံထဲမှာ အဓိက နိုင်ငံတခုဖြစ်နေပြီး တရုတ်နဲ့ တခြား ဒီလို ဓါတုပစ္စည်းတွေ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဓါတုပစ္စည်းတွေနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့လည်း အမေရိကန်က ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာ၊ ဗိုလစ်ဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေကတော့ လွန်ခဲ့တဲ့ ၁၂ လအတွင်း မူးယစ်ဆေး တင်ပို့ထုတ်လုပ်မှု တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေဖြစ်နေတာ တွေ့ရပြီး ဒီနိုင်ငံတွေ အနေနဲ့ နိုင်ငံတကာ မူးယစ်ဆေးတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တွေကို လေးစားလိုက်နာကြဖို့နဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒီ ၃ နိုင်ငံဟာ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွါးအတွက် အရေးပါတဲ့နိုင်ငံတွေဖြစ်ပြီး အမေရိကန်က စီမံကိန်းတွေ ချမှတ်ကူညီမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

၂၀၂၂ နှစ်မှာ မူးယစ်ဆေးလွန်ပြီး သေဆုံးရသူ တဟုန်ထိုး များလာပြီး သေဆုံးသူက ၁ သိန်း ၉ ထောင်ကျော်ရှိနေကြောင်း CDC ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG