သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်စံနစ်ကာကွယ်မှုဥပဒေကိုပြင်ဆင်မှုမလုပ်ဖို့ ဖွဲ့စည်းပုံတရားရုံးအမိန့်ချ


ထိုင်းအခြေခံ ဥပဒေတရားရုံးကို ရောက်လာတဲ့ MFP ပါတီခေါင်းဆောင် Pita Limjaroenrat (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
ထိုင်းအခြေခံ ဥပဒေတရားရုံးကို ရောက်လာတဲ့ MFP ပါတီခေါင်းဆောင် Pita Limjaroenrat (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ ဘုရင်ကိုဝေဖန်ရင် ရာဇဝတ်မှုအဖြစ် ပြင်းပြင်းထန်ထန်အရေးယူတဲ့ တော်ဝင် အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းရေး ဖိအားမပေးဖို့ ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီ (Move Forward) ပါတီကို ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဗုဒ္ဓဟူးနေ့က အမိန့်ချလိုက်ပါတယ်။

ဒါပေမယ့် ပါတီကိုဖျက်သိမ်းဖို့ တိုက်ရိုက်အမိန့်ချတာမဟုတ်လို့ နိုင်ငံရေးအကျပ်အတည်းဖြစ်လာနိုင်တဲ့အရေးကို အခုလောလောဆယ် ရှောင်ရှားလိုက်နိုင်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ထဲမှာ ရှေ့သို့ချီပါတီဟာ မဲဆွယ်စည်းရုံးရာမှာ တော်ဝင်ဥပဒေကို ပြင်ဆင်ဖို့ကတိပြုခဲ့ကြောင်းတွေ့ရှိရပြီး ဒါဟာ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးစနစ်တခုလုံးကို ဖြုတ်ချဖို့ ကြိုးပမ်းချက်အဖြစ် ဖော်ပြထားပါတယ်။ ဒီစီရင်ချက်အတွက် အခု ချက်ချင်းပြစ်ဒဏ် ချမှတ်တာမျိုး မရှိပါဘူး။ ဒါပေမယ့် ဒီ အမိန့်ကြောင့် နောက်ပိုင်းမှာ လိုအပ်ရင် ရှေ့သို့ချီပါတီကို ဖျက်သိမ်းနိုင်မယ့် အလားအလာရှိပြီး ပါတီခေါင်းဆောင်ပိုင်းကိုလည်း နိုင်ငံရေးကနေ နှစ်ပေါင်းများစွာ ပိတ်ပိင်တားမြစ်နိုင်ခြေ ရှိသွားပါတယ်။

၂၀၂၃ ခုနှစ် မေလ ရွေးကောက်ပွဲမှာ ရှေ့သို့ချီပါတီဟာ ပြုပြင်ပြောင်းလဲရေး သမားတွေအဖြစ် ထိုင်းမှာ လူငယ်ရော လူကြီးကြား လူကြိုက်များပါတယ်။ ရွေးကောက်ပွဲမှာလည်း အမတ်နေရာပိုနိုင်ခဲ့ပေမယ့် လက်ရှိအစိုးရတာဝန်ယူထားတဲ့ ရှေးရိုးစွဲ ညွန့်ပေါင်းအစိုးရကြောင့် ရှေ့သို့ချီဟာ အတိုက်အခံပါတီအဖြစ် ရပ်တည်နေရတာပါ။ ရှေ့သို့ချီပါတီရဲ့ ပြုပြင်ပြောင်းလေးရေး အစီအစဥ်တွေထဲမှာ ဘုရင်စနစ်ကိုစော်ကားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အသရေဖျက်မှုဥပဒေအပေါ် ပြင်ဆင်မှာ ပါဝင်နေတာပါ။

ဒီဥပဒေက ကမ္ဘာ့အချမ်းသာဆုံးဘုရင်တပါးဖြစ်တဲ့ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းအမှူးပြုတဲ့ နိုင်ငံရဲ့အရေးပါတဲ့ ထိပ်တန်းဘုရင်စနစ်ကြီးတခုလုံးကို အကာအကွယ်ပေးထားတာပါ။ တဘက်မှာလည်း ဒီဥပဒေက လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်နေတယ်လို့ဝေဖန်ခံရပြီး ရှေးရိုးစွဲ အုပ်ချုပ်သူတွေက ဒီမိုကရေစီ လိုလားသူတွေကို ထောင်သွင်းအကျဉ်းချရာမှာ အသုံးချနေတယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံမှုတွေဖြစ်နေပါတယ်။

XS
SM
MD
LG