သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံ Navalny သေဆုံးမှုကို အခိုင်အမာ စုံစမ်းဖို့ ကုလ တောင်းဆို


ဒိန်းမတ်နိုင်ငံ၊ Copenhagen မြို့က ရုရှားသံရုံးရှေ့မှာချထားတဲ့ ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ ဓာတ်ပုံဘေးမှာ အောက်မေ့ဘွယ် ပန်းစည်းများ လာချထားကြစဉ်။
ဒိန်းမတ်နိုင်ငံ၊ Copenhagen မြို့က ရုရှားသံရုံးရှေ့မှာချထားတဲ့ ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ ဓာတ်ပုံဘေးမှာ အောက်မေ့ဘွယ် ပန်းစည်းများ လာချထားကြစဉ်။

ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny အကျဉ်းကျနေစဉ် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အံ့သြတုန်လှုပ်ခဲ့ရကြောင်း ကုလအတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ ပြောကြားလိုက်သလို သူ့ရဲ့ သေဆုံးမှုအတွက် ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

အခုလို သေဆုံးမှုအတွက် ဝမ်းနည်းကျေကွဲရကြောင်း Mr. Navalny ရဲ့ မိသားစုဝင်တွေကို အတွင်းရေးမှုးချုပ်က ပြောကြားလိုက်ပြီး သူ အဖမ်းခံနေရစဉ် သေဆုံးမှုအတွက် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ပါ တောင်းဆိုလိုက်တာပါ။

အသက် ၄၇ နှစ်အရွယ် Navalny ကို အစွန်းရောက်မှုနဲ့ ထောင်ဒဏ် ၁၉ နှစ် ပြစ်ဒဏ်ပေးပြီး လုံခြုံရေးတင်းတင်း ကြပ်ကြပ်ချထားတဲ့ အကျဉ်းထောင်မှာ ထားရှိတာပါ။ သူ့မိသားစုကတော့ သူရဲ့ သေဆုံးမှုကို အတည်ပြုနိုင်အောင် သောကြာနေ့မှာ ကြိုးစားနေပါတယ်။

ရုရှားသမ္မတ Vladimir Putin ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ Navalny ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်နေသူဖြစ်ပြီး အခု သမ္မတ Putin ကို နောက်ထပ် ၆ နှစ် အာဏာဆက်ယူနိုင်အောင် လုပ်ဖို့များတဲ့ ရွေးကောက်ပွဲ မကျင်းပခင် တလအလိုမှာ အခုလို သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကတော့ Navalny အခုလို သေဆုံးရတာဟာ ရုရှားအစိုးရရဲ့ မရပ်မနား ဖိနှိပ်မှုကြောင့်ဖြစ်ကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာရုံးကတော့ ရုရှားအစိုးရအနေနဲ့ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်ရေး ရှေ့နေတွေ၊ သတင်းထောက်တွေနဲ့ လူ့အခွင့်ရေးဆိုင်ရာ လုပ်ဆောင်နေသူတွေကို ထောင်သွင်းအကျဉ်းချတာ၊ ဖိနှိပ်ညှင်းပမ်းတာတွေ မလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG