သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပြည်ပ စိန်ခေါ်မှုတွေကြားက ထိုင်ဝမ်သမ္မတဖြစ်လာသူ Lai Ching-te


သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က လူထုကို မိန့်ခွန်းပြောကြားနေတဲ့ တွေ့ရတဲ့ ထိုင်ဝမ်သမ္မတသစ် Lai Ching-te (လိုင်ချင်းတယ်) (မေ ၂၀၊ ၂၀၂၄)
သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က လူထုကို မိန့်ခွန်းပြောကြားနေတဲ့ တွေ့ရတဲ့ ထိုင်ဝမ်သမ္မတသစ် Lai Ching-te (လိုင်ချင်းတယ်) (မေ ၂၀၊ ၂၀၂၄)

ထိုင်ဝမ်ရဲ့ သမ္မတသစ်အဖြစ် မေလ ၂၀ရက် တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်တဲ့ လိုင်ချင်းတယ် (Lai Ching-te) ဟာ တိုးတက်သော ဒီမိုကရက်တစ်ပါတီ (DPP) ရဲ့ ကိုယ်စားလှယ်သမ္မတတစ်ယောက်အနေနဲ့ တတိယမြောက် သက်တမ်းအဖြစ် တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။ DPP ပါတီဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအင်အားကို စဉ်ဆက်မပြတ် ဦးဆောင်နိုင်တဲ့ ပါတီတခုဖြစ်ပါတယ်။

သူ့ရဲ့ သမ္မတကျမ်းကျိန်ပွဲမိန့်ခွန်းအတွင်း ၁၉၉၆ ခုနှစ်ကတည်းကဆိုရင် ပါတီအနေနဲ့ အခုလို တတိယမြောက် သက်တမ်းအာဏာလွှဲပြောင်းရယူနိုင်ခဲ့တာဟာ ထိုင်ဝမ်ပြည်သူတွေကြောင့်သာဖြစ်တယ်လို့ သူက မှတ်ယူပြီး ထိုင်ဝမ်ဟာ ဒီမိုကရေစီကမ္ဘာရဲ့ အဖိုးတန်ဆုံးတနိုင်ငံဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

"ရှေ့ဆက်လုပ်ဆောင်ရာမှာ ကျွန်တော်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံဖွံ့ဖြိုးရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ဖို့ ထိုင်ဝမ်ရဲ့ ဒီမိုကရက်တစ်အင်အားကို ကောင်းကျိုးအတွက် အသုံးချသွားမှာဖြစ်တယ်"လို့ဆိုပါတယ်။

တရုတ်နဲ့ ပတ်သက်လို့ သူ့ရဲ့ ချစ်ကြည်ရေးလိုလားမှုကို အချက်ပြတဲ့အနေနဲ့ တရုတ်အစိုးအရကို ထိုင်ဝမ်အပေါ် နိုင်ငံရေးနဲ့ စစ်ရေး ခြိမ်းခြောက်တာတွေရပ်တန့်ပြီး တိုင်ပေအစိုးရနဲ့အတူ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းလုပ်ဆောင်ဖို့ တိုက်တွန်းသွားပါတယ်။

"တရုတ်ပြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်တည်ခြင်းရဲ့ အခြေအနေမှန်ကို မြင်နိုင်ပြီး ထိုင်ဝမ်လူထုရဲ့ ရွေးချယ်မှုကို လေးစားလိုက်နာဖို့ မျှော်လင့်ပါတယ်။ ထိပ်တိုက်တွေ့မယ့်အစား ဆွေးနွေးညှိနှိုင်းမှုကို ရွေးချယ်တာ၊ မူဘောင်တခုအတွင်းမှာ အပြန်အလှန်ဆက်ဆံရေးနဲ့ ထိုင်ဝမ်လူထုကရွေးကောက်ထားတဲ့ တရားဝင်အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။" လို့ သမ္မတလိုင်ကပြောသွားပါတယ်။

အုပ်စုလိုက် ခရီးသွားကဏ္ဍနဲ့ တက္ကသိုလ်ဝင်ခွင့်တွေမှာလို ကဏ္ဍတွေကို ဘေကျင်းနဲ့ ထိုင်ဝမ်ကြား နှစ်ဦးသဘောတူ ပူးပေါင်းလုပ်ဆောင်ချက်တွေအဖြစ် အသားပေးပြောကြားသွားပြီး "ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံအကျိုးစီးပွားကို အတူဆက်လက်လုပ်ဆောင်ကြ"ဖို့လည်း တိုက်တွန်းသွားပါတယ်။

သူ့ရဲ့အစိုးရသစ်ဟာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဆန္ဒကို ထုတ်ဖော်ပြောကြားပြီး တချိန်ထဲမှာပဲ ဘေကျင်းအစိုးရဘက်က တိုးလာနေတဲ့ စစ်ရေးဖိအားကိုလည်း ရင်ဆိုင်နိုင်ဖို့ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ကိုလည်း လိုင်က မီးမှောင်းထိုးပြခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ နိုင်ငံတော်ကာကွယ်ရေးကို အားကောင်းအောင်လုပ်ဖို့ ကြွေးကြော်ပြီး စီးပွားရေးလုံခြုံမှုကို တိုးတက်ဖို့ တည်ငြိမ်ပြီး စည်းစနစ်ကျတဲ့ ရေလက်ကြားဆက်ဆံရေးကို ထိန်းသိမ်းဖို့နဲ့ စစ်ဘေးရန်ကနေ ကာကွယ်ဖို့အတွက် စိတ်တူသဘောတူနိုင်ငံတွေနဲ့အတူ လုပ်ဆောင်မယ်လို့လည်း သူက ဆိုပါတယ်။

သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က တွေ့ရတဲ့ ထိုင်ဝမ်သမ္မတသစ် Lai Ching-te (လိုင်ချင်းတယ်) နဲ့ သမ္မတကတော် Wu Mei-ji (ဝူမေကျီး) (မေ ၂၀၊ ၂၀၂၄)
သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က တွေ့ရတဲ့ ထိုင်ဝမ်သမ္မတသစ် Lai Ching-te (လိုင်ချင်းတယ်) နဲ့ သမ္မတကတော် Wu Mei-ji (ဝူမေကျီး) (မေ ၂၀၊ ၂၀၂၄)

လေ့လာသုံးသပ်သူတချို့ကတော့ ထိုင်ဝမ်နဲ့ တရုတ်ဆက်ဆံရေးအပေါ် သက်ရောက်တဲ့ အရေးကြီးကိစ္စရပ်တွေအားလုံးကို လိုင်က သမ္မတကျမ်းကျိန်မိန့်ခွန့်အတွင်းမှာ ထည့်သွင်းပြောကြားသွားတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ရေလက်ကြား ပူးပေါင်းဆောင်ရွက်ရေးကို အသိအမှတ်ပြုသွားပြီး ခရီးသွားလုပ်ငန်းလို ကျောင်းသားတွေ အပြန်အလှန်ကျောင်းတက်ရောက်နိုင်ရေးလို အရေးပါတဲ့ကိစ္စရပ်တွေကို ဖော်ပြသွားတာတွေ့ရတယ်လို့ ထိုင်ဝမ်က National Chengchi တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင် Lev Nachman က ပြောပါတယ်။

"တရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်ရေး နည်းလမ်းတွေကို ထိုင်ဝမ်က ရှာဖို့လိုအပ်ကြောင်းပြောကြားတဲ့ တချိန်ထဲမှာပဲ တရုတ်ရဲ့ ရန်ကို ကာကွယ်ဖို့လိုအပ်ကြောင်းကိုလည်း သူ့မိန့်ခွန်းမှာ ထိထိရောက်ရောက် ဖော်ပြသွားပါတယ်"လို့ VOA ကို တယ်လီဖုန်းကနေတဆင့် ဖြေကြားသွားတာပါ။

ဒါပေမယ့် တရုတ်အပေါ် သမ္မတသစ်လိုင်ရဲ့ သင့်တင့်မျှတဲ့သတင်းစကားက တရုတ်ရဲ့ ထိုင်ဝမ်ကို ချဉ်းကပ်ပုံကိုတော့ ပြောင်းလဲဖို့ မဖြစ်စေနိုင်ဘူးလို့ လေ့လာသူတချို့က သုံးသပ်နေပါတယ်။ "တရုတ်အစိုးဘက်ကတော့ အစမှာကတည်းက ထိုင်ဝမ်အပေါ် တင်းကြပ်ဖို့များနေပါတယ်။ ဘာကြောင်လဲ့ဆိုတော့ သူတို့ဘက်က အလျှော့ပေးဖို့ အကြောင်းမရှိလို့ပဲ ဖြစ်ပါတယ်" လို့ စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) က နိုင်ငံရေးသိပ္ပံပညာရှင် Ja Ian Chong က ဗွီအိုအေကို တယ်လီဖုန်းကတဆင့်ပြောပါတယ်။ သူရဲ့ အမြင်မှာတော့ တရုတ်ဟာ ထိုင်ဝမ်အပေါ် အားသာချက်ရှိနေပြီး အဲဒါကို ဆက်ဖိထားအုံးမယ်လို့ ဆိုပါတယ်။

မေ ၁၅ ရက်နေ့က ပြုလုပ်တဲ့ တရုတ်ရဲ့ ထိုင်ဝမ်ရေးရာ ရုံး သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ပြောခွင့်ရ Chen Binhua က ထိုင်ဝမ်ရဲ့ ခေါင်းဆောင်သစ်ဟာ "ငြိမ်းချမ်းဖွံ့ဖြိုးရေး"ကို ရွေးချယ်မှာလည်း "ထိပ်တိုက်၊ ရန်စမှုလမ်းကြောင်း"ကို ရွေးမှာလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ပြောသွားပါတယ်။ သူကပဲ ဆက်ပြီး "ထိုင်ဝမ်ကျွန်းဆွယ်ဆက်ဆံရေးရဲ့ ငြိမ်းချမ်းစွာဖွံ့ဖြိုးနေမှုကို အားပေးဖို့နဲ့ ပြည်မနဲ့ ပေါင်းစည်းနိုင်ဖို့အရေး ဖြစ်ပေါ်လာစေဖို့ကို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်" လို့ ဆိုပါတယ်။

မေ ၁၉ နဲ့ မေ၂၀ ကြား တရုတ်စစ်လေယာဉ် ၆ စင်း ထိုင်ဝမ်ရေလက်ကြားနယ်နမိတ်မျဉ်းကို ဖြတ်ပြီး ထိုင်ဝမ်ရဲ့ မြောက်ပိုင်းနဲ့ အနောက်တောင်ဘက်က လေကြောင်းကာကွယ်ရေးဇုန်ထဲကို ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာပြောပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို သူ့ရဲ့အစိတ်အပိုင်းတခုအဖြစ် ရှုမြင်ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် အင်အားသုံးလုပ်ဆောင်မယ်လို့ ထပ်တလဲလဲပြောနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာတော့ စစ်လေယာဉ်ပျံသန်းမှုနဲ့ ကမ်းရိုးတန်းစောင့်တပ်တွေ ထိုင်ဝမ်နား သွားလာမှုအကြိမ်အရေအတွက်ကိုလည်း ဘေကျင်းအစိုးက မြှင့်လာနေပါတယ်။

ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံရေးနက်ရှိုင်းလုပ်ဆောင်သွားဖို့ ရှိ

တရုတ်နဲ့ ဆက်ဆံရေးကိစ္စအပြင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း သမ္မတလိုင်ကြွေးကြော်သွားပြီး သတင်းမှားပြန့်နှံ့တာတွေအပေါ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီကြံ့ခိုင်မှုကို အားထုတ်ရေးနဲ့ တခြားစိန်ခေါ်မှုတွေကိုလည်း မိန့်ခွန်းထဲထည့်သွင်းပြောကြားသွားပါတယ်။

နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီ အသိုင်းအဝိုင်းတခုပေါ်ပေါက်ရေးအတွက် တခြားဒီမိုကရေစီနိုင်ငံတွေနဲ့အတူ ဆက်လက်လက်တွဲသွားမှာဖြစ်ပြီး ကဏ္ဍအသီးသီးမှာလည်း ကိုယ်ရောက်ရာနေရာက အတွေ့အကြုံတွေကို ဝေမျှသွားမှာဖြစ်တဲ့အကြောင်း သူကဆိုပါတယ်။

တနင်္လာနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သမ္မတလိုင်ကို ဂုဏ်ပြုစကားဆိုလိုက်ပြီး ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်‌ရေးကို ထိန်းသိမ်းဖို့နဲ့ ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စုကြား မျှဝေထားတဲ့ အကျိုးစီးပွားနဲ့ စံတန်ဖိုးတွေကို ရှေ့ဆက်ဖော်ဆောင်သွားဖို့အတွက်ရည်ရွယ်ပြီး အမေရိကန်အစိုးရရဲ့ ထိုင်ဝမ်အစိုးရ၊ အခြားနိုင်ငံရေးပါတီများနဲ့အတူ လက်တွဲလုပ်ဆောင်လိုတဲ့ဆန္ဒကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

သမ္မတလိုင်ရဲ့ အစိုးရအဖွဲ့အသစ်မှာ နိုင်ငံခြားရေးရာနဲ့ နိုင်ငံတော်လုံခြုံရေးအပိုင်း ဝန်ကြီးနေရာတွေကို အရင်အစိုးရလက်ထက်က ဝါရင့်ခေါင်းဆောင်တွေအများအပြားကို ပြန်လည်နေရာပေးထားတာကိုကြည်ခြင်းအားဖြင့် အစိုးရသစ်ဟာ ကမ္ဘာတဝန်းက စိတ်တူကိုယ်တူဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံရေးနက်ရှိုင်းအောင်လုပ်ဆောင်သွားဖို့ ရှိကြောင်း နိုင်ငံရေးလေ့လာသူတချို့ကို ကောက်ချက်ချပါတယ်။

အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်ခြင်းအားဖြင့် အရင်သမ္မတ ချိုင်အင်းဝမ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို သမ္မတလိုင်က ဆက်လက်ကိုင်ဆောင်သွားပါလိမ့်မယ်လို့ Akita နိုင်ငံတကာတက္ကသိုလ်က နိုင်ငံတကာလေ့လာရေးမှာ တွဲဘက်ပါမောက္ခဖြစ်တဲ့ Chen Yuhua က ဗွီအိုအေနဲ့ အင်တာဗျူးတခုမှာပြောပါတယ်။

ပြည်တွင်း စိန်ခေါ်မှုများ

နိုင်ငံတကာ ဆက်ဆံရေးမှာ ချိန်ခွင်လျှာညှိရေး သမ္မတလိုင် အခက်ကြုံရသလိုပဲ ပြည်တွင်းက ပြိုင်ဘက်ပါတီ ၂ ရပ်ဖြစ်တဲ့ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီ (KMT) နဲ့ ထိုင်ဝမ်ပြည်သူ့ပါတီတို့ဆီက ကြီးထွားလာတဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ပါလီမန်ကို အစိုးအရအပေါ် ကြည့်ရှုစစ်ရေးအပိုင်း လုပ်ပိုင်ခွင့်ပိုပေးမယ့် ဥပဒေတရပ်အတည်ပြုရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သောကြာနေ့ (မေလ ၁၇) ကပဲ သမ္မတရဲ့ DPP ပါတီနဲ့ KMT ပါတီကြား ပါလီမန်အတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့ပါသေးတယ်။

တနင်္လာနေ့က သမ္မတလိုင်မိန့်ခွန်းအတွင်းမှာပဲ ပါလီမန်အတွင်း "ပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်ကြ"ဖို့နဲ့ ကျင့်ထုံးဆိုင်ရာ တရားမျှတမှုကို လိုက်နာကြ"ဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ "လူအများစုဟာ လူနည်းစုအပေါ် လေးစားမှုရှိပြီး လူအနည်းစုဟာလည်း လူအများစုရဲ့ စည်းမျဉ်းစည်းကမ်းကိုလက်ခံသင့်ပါတယ်။ ဒါမှသာလျှင် ပဋိပက္ခတွေကို ရှောင်ရှားနိုင်ပြီး တည်ငြိမ်မှုနဲ့ သဟဇာတဖြစ်မယ့် လူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားနိုင်မှာပါ" လို့ သူကပြောပါတယ်။

မတတ်နိုင်လောက်အောင် မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးနဲ့ လူငယ်တွေအတွက် လုပ်ခလစာနည်းပါးမှုစတဲ့ ပြည်တွင်းအရေးကိစ္စတွေကိုလည်း ဦးစားပေးဖြေရှင်းဖို့ သူက ကတိပေးသွားပါတယ်။ ထိုင်ဝမ်လူထုရဲ့ တကယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အစိုးသစ်က မူဝါဒတွေကိုချမှတ်သင့်ကြောင်း
လေ့လာသူတချို့က ဗွီအိုအေကိုပြောပါတယ်။

"အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုအားကောင်းအောင် အာရုံစိုက်သင့်ပြီး အာဏာရပါတီအပေါ် လူထုရဲ့ ယုံကြည်မှုကို သမ္မတလိုင် ပြန်လည်တည်ဆောက်သင့်တယ်"လို့ ထိုင်ဝမ်နိုင်ငံ Soochow တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် Chen Fang-yu က ဆိုပါတယ်။

သူရဲ့ မူဝါဒတွေကိုလက်ခံကျင့်သုံးဖို့ ထိုင်ဝမ်လူထုကို အောင်အောင်မြင်မြင် စည်းရုံးနိုင်တယ်ဆိုရင် သူ့အစိုးရချမှတ်တဲ့ ပေါ်လစီတွေအပေါ် အတိုက်အခံပါတီတွေကလည်း ဆန့်ကျင်ဖို့ ပိုခက်ခဲသွားပါလိမ့်မယ်လို့ မြင်ပါတယ်" လို့ နိုင်ငံရေးသိပ္ပံပညာရှင် Chen Fang-yu က ဗွီအိုအေကို ပြောကြားသွားပါတယ်။

Forum

XS
SM
MD
LG