သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပမှာ ဈေးကွက်ဖြန့်မယ့် တရုတ်လျှပ်စစ်ကား


တရုတ်ပြည် Zhejiang ပြည်နယ် ကျင်းဝှာမြို့က Leapmotor လျှပ်စစ်ကားစက်ရုံတရုံ (ဧပြီ ၂၆၊ ၂၀၂၃)
တရုတ်ပြည် Zhejiang ပြည်နယ် ကျင်းဝှာမြို့က Leapmotor လျှပ်စစ်ကားစက်ရုံတရုံ (ဧပြီ ၂၆၊ ၂၀၂၃)

တရုတ်နိုင်ငံ၊ Hangzhou မြို့မှာ အခြေစိုက်တဲ့ Leapmotor ကုမ္ပဏီဟာ သူ့ကုမ္ပဏီထုတ် EV လျှပ်စစ်ကားတွေကို ဥရောပမှာ ဈေးကွက်ဖြန့်ရောင်းနိုင်ဖို့ ဥရောပကားထုတ်လုပ်သူ Stellantis ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပါတယ်။

သူတို့ဟာ ဒီနှစ် စက်တင်ဘာလမှာ စပြီးတော့ တရုတ်ထုတ် EV ကားတွေကို ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဂရိ၊ နယ်သာလန်၊ ရိုမေးနီးယား၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ဒါကိုတော့ Hangzhou မြို့မှာလုပ်တဲ့ မီဒီယာပွဲတစ်ခုမှာ ကြေညာခဲ့တာပါ။

တရုတ်ကုမ္ပဏီထုတ် ကားတွေကို တရုတ်နိုင်ငံပြင်ပမှာ ထုတ်လုပ်ရောင်းချဖို့ အပြည်ပြည်ဆိုင်ရာ Leapmotor ခေါ်တဲ့ တွဲဖက်လုပ်ငန်းသစ် ကို Stellantis ကုမ္ပဏီ နဲ့ Leapmotor ကုမ္ပဏီ ၂ ခုက ကြေညာခဲ့ပါတယ်။ ဒီတွဲဖက်လုပ်ငန်းသစ်ကို Stellantis ကုမ္ပဏီ က 51 ရာခိုင်နှုန်း ပိုင်ဆိုင်ပြီးတော့ Leapmotor ကုမ္ပဏီက 49 ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ၊ Stellantis က Leapmotor ရဲ့ ရှယ်ယာ ၂၁ ရာခိုင်နှုန်းကို ဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၁.၆၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီးတော့ Leapmotor ကို အကျိုးတူ မိတ်ဖက်အဖြစ် ကြေညာခဲ့ပါတယ်။

"Stellantis ကုမ္ပဏီအတွက်ရော Leapmotor ကုမ္ပဏီ အတွက်ပါ အကျိုးမြတ်ရစေမယ့် ဈေးအသင့်တင့်ရှိတဲ့ EV ကားတွေကို ဈေးကွက်ထဲ မြန်မြန် ကျနော်တို့ ဖြန့်သွားပါမယ်။ ဒါက ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှု ပြသနာကို ဖြေရှင်းဖို့ မြန်မြန်ထိရောက်နိုင်မယ်လေ။" လို့ Stellantis ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Carlos Tavares က ပြောပါတယ်။

Stellantis ကုမ္ပဏီနဲ့ အကျိုးတူလက်တွဲရတာဟာ ကျယ်ပြန့်တဲ့ ပြည်ပ အရောင်းကိုယ်စားလှယ်တွေ၊ ဖြန့်ဖြူးရေးစနစ်အပြင် ကမ္ဘာတဝန်းက စက်ရုံအလုပ်ရုံတွေကိုလဲ အသုံးပြုလို့ရအောင် ကူညီပေးတယ်လို့ Leapmotor ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Zhu Jiangming ဆိုပါတယ်။

"အနာဂတ်မှာ နိုင်ငံရေးနဲ့ ဒေသတွင်းက မရေရာမှုတွေကြောင့် စွမ်းအင်သုံး တရုတ် ကားကုမ္ပဏီတွေကို ကမ္ဘာအနှံ့ ထုတ်လုပ်ဖို့ မလွဲမသေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Stellantis ကုမ္ပဏီရဲ့ အားသာချက်ကို ကိုးကားပြီး နည်းပညာနဲ့ ထုတ်ကုန်တွေပေါင်းစပ်လိုက်မယ်ဆိုရင် အစိတ်ပိုင်းတွေ အားလုံး စု ပေါင်းတာထက်စာရင် တခုထဲကနေ ဖြစ်လာတာက ပိုကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ "

တရုတ်လျှပ်စစ်ကားတွေ၊ အဆင့်မြင့်ဘက်ထရီတွေ၊ နေရောင်ခြည်သုံး ဆိုလာပြားတွေ၊ သံမဏိ၊ အလူမီနီယမ်နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေအပေါ် အကောက်ခွန် အသစ်တွေ စည်းကြပ်ဖို့ အစီအစဉ်တွေကို အမေရိကန် သမ္မတ Biden အစိုးရ က ကြေငြာခဲ့တာမို့ ကမ္ဘာ့စီးပွား အင်းအားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန် ကြားမှာ ပွတ်တိုက်မှုတွေ တိုးလာနိုင်ဖွယ်ရှိတယ်လို့ Zhu က မှတ်ချပေးပါသေးတယ်။

တရုတ်နိုင်ငံဟာ လျှပ်စစ်ကားတွေ အလွန်ကျွံထုတ်လုပ်ပြီး ပြည်ပဈေးကွက်တွေမှာ ဖောဖောသီသီ ရောင်းချနေတယ်လို့ အမေရိကန်နဲ့ ဥရောပ ၂ နိုင်ငံစလုံးက စွပ်စွဲထားပါတယ်။ Yiche Research တက္ကသိုလ်က လေ့လာသုံးသပ်သူအကြီးအကဲ Zhou Lijun ကတော့

“တရုတ်နိုင်ငံရဲ့ ကားထုတ်လုပ်တဲ့ စက်ရုံ.... အထူးသဖြင့် စွမ်းအင်သုံး ကားထုတ်လုပ်တဲ့စက်ရုံတွေဟာ တော်တော်လေး ဖွံ့ဖြိုးတိုးတက်နေပြီ။ ကားကုမ္ပဏီတော်တော်များများက တရုတ်ဈေးကွက်ကို သိမ်းပိုက်ချင်ရုံသာမက တရုတ်နိုင်ငံရဲ့ စွမ်းအင်စက်မှုလုပ်ငန်းကွင်းဆက်သစ်ကနေတစ်ဆင့် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့ကားဈေးကွက် အထူးသဖြင့် ဥရောပကားဈေးကွက်ကို လည်း ယှဉ်ပြိုင်လိုကြပါတယ်။”

တရုတ်ပြည် Zhejiang ပြည်နယ် ဟန်ကျိုးမြို့က Leapmotor လျှပ်စစ်ကားကုမ္ပဏီ ရုံးချုပ်မှာပြသထားတဲ့ C10 မော်ဒယ် လျှပ်စစ်ကား (မေ ၁၄၊ ၂၀၂၄)
တရုတ်ပြည် Zhejiang ပြည်နယ် ဟန်ကျိုးမြို့က Leapmotor လျှပ်စစ်ကားကုမ္ပဏီ ရုံးချုပ်မှာပြသထားတဲ့ C10 မော်ဒယ် လျှပ်စစ်ကား (မေ ၁၄၊ ၂၀၂၄)

Stellantis နဲ့ Leapmotor ကုမ္ပဏီ ၂ ခုရဲ့ ပထမဆုံး ခြေလှမ်းအစမှာတော့ EV လျှပ်စစ်ကားတွေကို ဘယ်နေရာမှာ ထုတ်လုပ်မယ်ဆိုတာကိုတော့ တိတိကျကျ မပြောပြထားပါဘူး။ ဒါပေမဲ့ သူတို့ထုတ်လုပ်မယ့်နေရာကတော့ ကား ရောင်းအားကို ထောက်ပံ့ကူညီပေးနိုင်စွမ်းရှိရမှာ ဖြစ်ပြီးတော့ ကားအ‌ရေအသွေးသတ်မှတ်ချက်နဲ့ ကုန်ကျစရိတ် ကိုက်ညီမှု ရှိရမှာ ဖြစ်ပါတယ်။

အခု ထုတ်ထားတဲ့ EV လျှစ်စ်ကား အမျိုးအစားတွေက T03 နဲ့ C10 အမျိုးအစားတွေဖြစ်ပြီးတော့ လာမယ့် ၃ နှစ်မှာ နှစ်စဉ် ကားအမျိုးအစား အသစ် တမျိုးကို မိတ်ဆက်သွားဖို့ စီစဉ်ထားတယ်လို့ Tavares က ဆိုပါတယ်။ ဒီကားအမျိုးအစားတွေက နိုင်ငံတကာဈေးကွက်မှာ ရောင်းအား သိသိသာသာ တက်ဖို့ သူက မျှော်လင့်ထားတာပါ။

တရုတ် လျှစ်စစ်ကား အမျိုးအစား Q4 ကနေ စပြီးတော့ တရုတ် EV ကားတွေကို တောင်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေအပြင် အိန္ဒိယနဲ့ အာရှပစိဖိတ်ဒေသကိုလဲ ဖြန့်ဖြူး ရောင်းချမှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဖို့ အစိုးရရဲ့ ပြန်ပြည့်မြဲ စွမ်းအင် တွန်းအားပေးမှုက တရုတ်နိုင်ငံရဲ့ ကားဈေးကွက်ကို ပြောင်းလဲ စေခဲ့ပါတယ်။ EV ကားသစ် ရောင်းချမှုဟာ ၂၀၂၃ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီးတော့ ဒါဟာ ဓာတ်ဆီသုံးကား ဈေးကွက်ကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဘေဂျင်းမြို့က လမ်းတွေပေါ်မှာ Tesla, BYD, Nio စတဲ့ လျှပ်စစ်ကားအမျိုးစား မျိုးစုံကို တွေ့နိုင်ပါတယ်။ကားအားသွင်းတဲ့ နေရာ ကြီးကြီး သေးသေးပဲဖြစ်ဖြစ် ရှာရလွယ်ပါတယ်။

တရုတ်ပြည် Zhejiang ပြည်နယ် ဟန်ကျိုးမြို့က Leapmotor လျှပ်စစ်ကားကုမ္ပဏီ ရုံးချုပ်ရှေ့မှာအားသွင်းနေတဲ့ ကုမ္ပဏီထုတ် လျှပ်စစ်ကားတစီး (မေ ၁၄၊ ၂၀၂၄)
တရုတ်ပြည် Zhejiang ပြည်နယ် ဟန်ကျိုးမြို့က Leapmotor လျှပ်စစ်ကားကုမ္ပဏီ ရုံးချုပ်ရှေ့မှာအားသွင်းနေတဲ့ ကုမ္ပဏီထုတ် လျှပ်စစ်ကားတစီး (မေ ၁၄၊ ၂၀၂၄)

EV ကားတွေဟာ ဈေး ပို သက်သာသလို အမြန်နှုန်းကောင်းကောင်းနဲ့ ပိုမောင်းလို့ကောင်းတာကြောင့် ဘေကျင်းမြို့က EV ကား မောင်းသူတွေက ကျေနပ်နေကြတာပါ။ ဒါပေမဲ့ တချို့ကတော့ မောင်းလို့ရတဲ့ အကွာအဝေးခရီးမိုင်နဲ့ အားပြန်သွင်းရတဲ့ ပြဿနာတချို့ ရှိတယ်လို့ ဆိုပါတယ်။

ကားအချက်ပြတာဝန်ယူရတဲ့ ကားမောင်းဝန်ထမ်းဖြစ်သူ အသက် ၅၄ နှစ် အရွယ် မစ္စတာ Wu ဟာ အားသွင်းလို့ရတဲ့နေရာပေါင်း ၁၀၀ ကျော်ရှိတဲ့ လျှပ်စစ် အားသွင်းရာနေရာ တခုမှာ သူ့ရဲ့ BAIC လျှပ်စစ်ကားကို အားသွင်းနေတာပါ။ လျှပ်စစ်ကားကို မောင်းရတာတော့ ကြိုက်ပေမဲ့ ပိုဝေးဝေးမောင်းနိုင်ဖို့ လျှပ်စစ်အား ကြာရှည်ခံ ထုတ်နိုင်ဖို့ သူက မျှော်လင့်ပါတယ်။

“မောင်းရတာ မြန်တယ်။ အချိန်တိုအတွင်းမှပဲ စပြီး သွားနေပြီ။ ဒါပေမဲ့ လျှပ်စစ်အားနဲ့ သွားလို့ရတဲ့ ခရီးမိုင်ကိုတော့ တိုးပြီး လုပ်ဖို့ လိုသေးတယ်။ ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံး တောင်းဆိုမှုပါ။”

ကားအချက်ပြတာဝန်ယူရတဲ့ ကားမောင်းဝန်ထမ်းဖြစ်သူ နောက်တဦးကလဲ EV ကားတွေက ပိုပြီး သက်သာတယ်။ အားနည်းချက်တခုကတော့ အားသွင်းတာဖြစ်တယ်လို့ဆိုပါတယ်။ တခါ အားသွင်းရင် ၁ နာရီကနေ မိနစ် ၄၀ ကြာတယ်လို့ သူကဆိုပါတယ်။ EV ကားမောင်းသူ မစ္စတာ Ai ကလည်း

"လျှစ်စစ်ကားတွေက ပိုသက်သာတယ်။ ၁ ကီလိုမီတာကို ယွမ် ၀ ဒသမ ၁ ယွမ်ကနေ ၀ ဒသမ ၂ ယွမ်ပဲ ကျတယ်။ ပိုက်ဆံ သက်သာတာပေါ့။"

တခြားအားသွင်းနေရာမှာ အားသွင်းနေတဲ့ တက္ကစီယာဉ်မောင်း Wang Honggang ကတော့ EV လျှပ်စစ်ကားတွေဟာ မောင်းရတာ လွယ်ကူပေမဲ့ ဆောင်းရာသီမှာတော့ အခက်ခဲတွေ ကြုံရတယ်လို့ သူကဆိုပါတယ်။

“အားနည်းချက်ကတော့ ဆောင်းတွင်းမှာ မောင်းရတဲ့ ပြသနာပါ။ ရာသီဥတုကအေးတော့ အပူပေးရတယ်။ အဲဒီမှာ လျှပ်စစ်အား အရမ်းစားတယ်။ တခါတလေ ဆောင်းရာသီမှာ စက်က မနိုးဘူး။ ဆိုတော့ မကြာမကြာ အားသွင်းရတယ်။ ”

တခြား EV လျှပ်စစ်ကား မောင်းတဲ့ Cheng Ran ကတော့ ဈေးနှုန်းတူ ဓာတ်ဆီထည့်ရတဲ့ ICE အင်ဂျင်ကားတွေထက် EV လျှပ်စစ်ကားတွေက ပိုပြီး မောင်းရ ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ICE အင်ဂျင်သုံးကားတွေ နေရာမှာ လျှပ်စစ်ကားတွေ အစားထိုးဖို့က မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

"လောင်စာဆီသုံး ကားတွေမှာက အားသာချက်တွေရှိတယ်။ ဒီကားတွေနေရာမှာ စွမ်းအင်သုံးကားသစ်တွေကို အစားထိုးဖို့ဆိုတဲ့ ဆွေးနွေးမှုတွေ ရှိတယ်။ ဒါက မဖြစ်နိုင်ဘူးလေ။ ဒီ ကား ၂ မျိုးလုံး တူတူယှဉ် သုံးကြရမှာပါပဲ။ "

Yiche Research တက္ကသိုလ်က လေ့လာသုံးသပ်သူအကြီးအကဲ Zhou Lijun ကတော့

“နောင် အနှစ် ၂၀ ဒါမှမဟုတ် ၃၀ မှာ ဂျာမနီနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ Stellantis၊ Volkswagen၊ Mercedes-Benz နဲ့ BMW ကားကုမ္ပဏီလို ဥရောပကားထုတ်လုပ်သူတွေနဲ့ ဖက်စပ်လုပ်ငန်းတွေ လုပ်ဖို့ နဲ့ စွမ်းအင်သုံး နည်းပညာအသစ်တွေကို ထုတ်ဖို့ Geely၊ BYD နဲ့ Chery လို တရုတ်ကားကုမ္ပဏီတွေဟာ ဥရောပနိုင်ငံ ထဲ ဝင်ရောက်လာဖို့ အလားအလာ ရှိပါတယ်။ ဥရောပနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ ကားလုပ်ငန်းရဲ့ စက်မှုလုပ်ငန်းကို အသွင်းပြောင်းဖို့နဲ့ အဆင့်မြင့်တင်ဖို့၊ အလုပ်အကိုင်တွေ ဖန်တီးဖို့၊ အခွန်ငွေ ရရှိဖို့ တွေကို ပူးပေါင်းလုပ်ကြလိမ့်မယ်။"

ပြည်တွင်းအလုပ်အကိုင်နဲ့ ဝင်ငွေဖန်းတီးပေးတဲ့ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်ဈေးကွက်ဖြစ်လာတဲ့ နေရာကို ခြေကုတ်ယူထားတဲ့ တရုတ်ကားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ဖို့၊ အရင်တုန်းက နိုင်ငံတကာက ကားကုမ္ပဏီတွေက တရုတ်နိုင်ငံကို လာခဲ့ကြတာပါ။

ဥရောပမှာ ဈေးကွက်ဖြန့်မယ့် တရုတ်လျှပ်စစ်ကား
please wait

No media source currently available

0:00 0:07:32 0:00

Forum

XS
SM
MD
LG