သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

‘ဝ’ ဒေသ ခဲမဖြူ တင်ပို့ရောင်းချရေး အခြေအနေ


(မှတ်တမ်းပုံဟောင်း) UWSA 'ဝ' တပ်ဖွဲ့ ခဲမဖြူ ထုတ်လုပ်ရေး။
(မှတ်တမ်းပုံဟောင်း) UWSA 'ဝ' တပ်ဖွဲ့ ခဲမဖြူ ထုတ်လုပ်ရေး။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ခဲမဖြူ လို့ခေါ်တဲ့ သံဖြူ ပစ္စည်းတွေ သယ်ယူ ရောင်းချခွင့်ကို ဒေသအာဏာပိုင်တွေက သောကြာနေ့က ပြန်လည်ခွင့်ပြုလိုက်ကြောင်း ကြည့်ရှုခွင့်ရတဲ့ ခွင့်ပြုမိန့်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

‘ဝ’ ဒေသ စက်မှုနှင့် သတ္တုတွင်းဗျူရိုက ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ လက်ကျန် ခဲမဖြူတွေ တင်ပို့ခွင့်ကို တောင်းခံခဲ့တာဖြစ်ပြီး ဒါကို ‘ဝ’ ဗဟိုစီးပွားရေး စီမံကိန်း ကော်မတီက ဇွန်လ ၁၄ ရက်နေ့က ခွင့်ပြုပေးခဲ့တာပါ။ ထုတ်ပြချက်ထဲမှာ သတ္တုတွင်း အလုပ်သမားတွေကို လစာ ပေးဆောင်နိုင်ဖို့ ခက်ခဲနေလို့ Manxiang ဒေသက လက်ကျန် ခဲမဖြူ သတ္တုတွေကို တင်ပို့ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။ အဲဒီမှာ လက်ကျန် ခဲမဖြူ ၁၁,၈၅၂ တန်ရှိကြောင်း အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

လူငယ်ခေါင်းဆောင်များအား ပွဲထုတ်လာသည့် ‘ဝ’ တပ်ဖွဲ
please wait

No media source currently available

0:00 0:03:24 0:00

အခု လက်ကျန် ခဲမဖြူတွေကို ဘယ်နေရာကို သယ်ယူခွင့်ပြုတယ် ဆိုတာကို ဖော်ပြမထားသလို ခဲမဖြူ တူးဖော်ခွင့် လုပ်ငန်းတွေ တရားဝင် ပြန်လည် ခွင့်ပြုတာ ဟုတ်၊ မဟုတ်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။
သတ္တုတွင်းလုပ်ငန်းတွေကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး အကြောင်းပြချက်နဲ့ မနှစ် သြဂုတ်လစပြီး ခဲမဖြူ တူးဖော်ခွင့်ကို ‘ဝ’ ဒေသ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပြီး ဧပြီကစပြီး သယ်ယူပို့ဆောင်တွေ ရပ်ဆိုင်းခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာ သံဖြူလုပ်ငန်းဆိုင်ရာ အစည်းအရုံးရဲ့ အချက်အလက်တွေအရ ‘ဝ’ ဒေသမှာ ကမ္ဘာ့ သံဖြူထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း ဝန်းကျင် ထွက်ရှိနေတာဖြစ်လို့ အဲဒီလို ပိတ်ပင်ခဲမှုကြောင့် ကမ္ဘာ့သံဖြူစျေးလည်း မြင့်တက်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက သံဖြူတွေကို အဓိက ဝယ်ယူနေတာဖြစ်ပြီး တရုတ်ရဲ့ သံဖြူ လိုအပ်ချက် ၇၀ ရာခိုင်နှုန်းကျော်ကို မြန်မာကနေ တင်သွင်းနေတာ ဖြစ်ကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။

‘ဝ’ ဒေသမှာ သတ္တုတူးဖော်မှု ရပ်ဆိုင်းထားပေမယ့် ဇန်နဝါရီကနေ ဧပြီလအတွင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ခဲမဖြူ ၄၇,၅၁၈ တန် တင်သွင်းခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်း လျော့နည်းပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ် အတွင်း ခဲမဖြူ ထုတ်လုပ်မှုက ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ ၁၉ ရာခိုင်နှုန်းနီးပါးရှိပြီး စုစုပေါင်း တန်ချိန် ၂၉၀,၀၀၀ ရှိကြောင်း အမေရိန် ဘူမိဗေဒ စစ်တမ်း US Geological Survey (USGS) ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG