သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံ ဆရာတော်ဈာပန ပြည်သူအများအပြား လာရောက်ဂါရဝပြု


စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကို ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်မှာကျင်းပနေစဉ် (‌ဇွန် ၂၇၊ ၂၀၂၄)
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကို ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်မှာကျင်းပနေစဉ် (‌ဇွန် ၂၇၊ ၂၀၂၄)

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ပဲခူးမြို့မှာကျင်းပခဲ့တာမှာ အနယ်နယ်အရပ်ရပ်က ဆရာတော်၊ သံဃာတော်တွေ ရာနဲ့ချီ ကြွရောက်လာပြီး တရားဓမ္မတွေ ဟောကြားခဲ့သလို၊ လူပေါင်း ရာချီ ဆရာတော်ကြီးကို နောက်ဆုံးလာရောက် ဂါရဝပြုခဲ့ကြပါတယ်။

ဆရာတော်ရဲ့ ရုပ်အလောင်းကို ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ကနေ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို လောင်တိုက်တော်ကို သယ်ယူသွားချိန်မှာလည်း ဒကာ၊ ဒကာမတွေ အပါအဝင် ဒေသခံတွေက လိုက်ပါပို့ဆောင်ခဲ့ကြသလို၊ လမ်းဘေးတဘက်တချက်ကနေ ဖူးမျှော်ဂါရဝပြုသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ သက်တော် (၇၈)နှစ်၊ သိက္ခာတော် (၅၈) ဝါမှာ ပျံလွန်တော်မူသွားတာဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ အရိုးပြာကို သောကြာနေ့ကျရင် သိမ်ဇရပ် စစ်တောင်းမြစ်မှာ မျှောဖို့ စီစဉ်ထားကြောင်း ဆရာတော်ရဲ့ ဈာပန အခမ်းအနားအစီအစဉ်မှာ ဖေါ်ပြထားပါတယ်။

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကျင်းပရာ ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်သို့ တက်ရောက်လာသူများ (‌ဇွန် ၂၇၊ ၂၀၂၄)
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကျင်းပရာ ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်သို့ တက်ရောက်လာသူများ (‌ဇွန် ၂၇၊ ၂၀၂၄)

စစ်တပ်ရဲ့ ပရမ်းပတာ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားရတဲ့အပေါ် မကျေနပ်မှုကို ပြသတဲ့အနေနဲ့ စစ်ကိုင်းတိုင်းအပါအဝင် ဒေသတချို့က သံဃာတော်တွေဟာ စစ်တပ်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗုဒ္ဓဝိနည်းတော်နဲ့အညီ ကံဆောင်သပိတ်မှောက်နေကြပါတယ်။

သေနတ်ပစ်ခတ်ခံရလို့ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာနဲ့ ပတ်သက်လို့ ဇွန်လ (၂၄) ရက်နေ့က ပေးပို့ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တောင်းပန်စာမှာတော့ သူ့အနေနဲ့ ဝမ်းနည်းကြေကွဲမိကြောင်း ဖေါ်ပြထားပေမဲ့၊ ဆရာတော် ၂ ပါး စီးလာတဲ့ကားမှာ သာသနာရေး အမှတ်အသား မပါသလို အိမ်စီးကားလည်းဖြစ်နေသလို အရှိန်ပြင်းစွာ မောင်းနှင်လာတာကြောင့် မှန်ချစစ်ဆေးခံဖို့ တားမြစ်ခဲ့ပေမဲ့ ဆက်မောင်းသွားတဲ့အတွက် ပစ်ခတ်ခဲ့ရတာလို့ ရေးသားထားပါတယ်။

ဇွန်လ (၁၉)ရက်နေ့က မန္တလေးကိုကြွဖို့အသွား ငါန်းဇွန်မြို့နယ်၊ ကမ္မရွာနားမှာ ဆရာတော်ကြီးစီးလာတဲ့ကားကို စစ်ကားက လိုက်လံ ပစ်ခတ်လို့ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတာကို ကားပေါ်မှာ အတူပါလာတဲ့ ကံသုံးဆင့်ဆရာတော်က ပြန်ပြီး ပြောပြခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေက လုပ်ခဲ့တာလို့ စစ်ကောင်စီက အစောပိုင်းမှာ ပြောကြားခဲ့ပြီး ကံသုံးဆင့်ဆရာတော်ကြီးရဲ့ ပြောဆိုချက် ထွက်လာပြီးနောက်မှာတော့ ဖြစ်ရပ်အသေးစိတ်ကို ပြန်လည် စစ်ဆေးသွားမယ်လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း လုံခြုံရေးအခြေအနေတွေရှုပ်ထွေးနေစဉ် ကားတစီးကို ပစ်ခတ်မိခဲ့တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG