အစ္စရေး စစ်တပ်ကတော့ ဒီဆေးရုံနားမှာ ရှိနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီဆေးရုံဟာ အကြမ်းဖက်အဖွဲ့တွေ အဓိက အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာ ဖြစ်လာပြီး အဲဒီမှာ အကြမ်းဖက် လှုပ်ရှား သူတွေ ဆက်လက်ပုန်းခို နေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
၂၀၂၃ အောက်တိုဘာ အစ္စရေး- ဟားမတ်စ် စစ်ပွဲ စတင်ချိန်ကစပြီး ဟားမတ်စ် တွေဟာ အစ္စရေးတပ်တွေကို တိုက်ခိုက်ရာမှာ ဆေးရုံတွေကို ဟားမတ်စ်ကွပ်ကဲရေး စခန်းတွေ အဖြစ် အသုံးချနေတယ်လို့ အစ္စရေးစစ်တပ်က မကြာခဏ စွပ်စွဲလေ့ရှိ ပါတယ်။ ဟားမတ်စ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ အစ္စရေးစစ်တပ် ကတော့ အသေးစိတ် အချက်လက်တွေ ထည့် မပြောပဲ၊ သူတို့ဟာ အရပ်သားတွေ အထိခိုက်နည်းအောင် ကြိုးစားနေတာ ဖြစ်ပြီး၊ သူတို့ရဲ့ စစ်ဆင်ရေး မစခင်မှာ အရပ်သားတွေနဲ့ လူနာတွေ၊ ဆေးဝန်ထမ်းတွေကို ဘေးလွတ်ရာ ရှောင်စေတယ်လို့ ပြောပါတယ်။
Kamal Adwan ဆေးရုံ အကြီးအကဲ ကတော့ သူတို့ဆေးရုံဟာ အစ္စရေးတပ်တွေရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှု အောက်မှာ ရက်သီတင်းပတ်များစွာ နေ နေရသလို သူတို့ ဆေးရုံကို ပစ်မှတ်ထားနေတာ ဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးတိုက်ခိုက်မှုကြောင့် ကလေးအထူးကု အပါအဝင် ဆေးရုံဝန်ထမ် ၅ ဦး သေဆုံးခဲ့ရတယ်လို့ ကြာသပတေးနေ့မှာ ဆေးရုံက ကြေညာပါတယ်။ အစ္စရေး စစ်တပ်ကတော့ အခုလို သေဆုံးတာကို သူတို့ မသိရသေး ကြောင်းနဲ့ ဒီ့အတွက် စုံစမ်းစစ်ဆေးမှာ ဖြစ်ကြောင်း ပြောပါတယ်။
Forum